ရခိုင်ကုန်းစက်လှေဆိပ်ကို စစ်ကောင်စီက မီးလောင်ဗုံးကြဲ၊ စာသင်ကျောင်းနှင့်လူနေအိမ်များပြာကျ

ယမန်နေ့ က မီးလောင်ဗုံးကြောင့် လောင်ကျွမ်းနေသော ရခိုင်ကုန်း စက်လှေဆိပ်ရှိစာသင်ကျောင်းနှင့်နေအိမ်များ(ပေးပို့)

ဓါတု

(မဇ္ဈိမ)။ ။ ကမ်းထောင်ကြီးမြို့ရှိ ရခိုင်ကုန်း စက်လှေဆိပ်ကို စစ်ကောင်စီက လေကြောင်းမှ မီးလောင်ဗုံးကြဲချရာ စာသင်ကျောင်းတကျောင်းနှင့် လူနေအိမ် လေးလုံး မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ယမန်နေ့ မတ်လ ၃၁ ည ၈ နာရီတွင် ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့၌ တိုက်ပွဲမရှိဘဲ စစ်ကောင်စီက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

” တိုက်ပွဲမရှိဘဲ ရည်ရွယ်ချက်ရှိရှိပစ်နေတာပါ။ ည ၁၂ နာရီကျော်ကလည်း ဂျက်ဖိုက်တာ ဝဲနေပြန်ပါပြီ။ မိသားစုအားလုံး ညနေဆို ဗုံးခိုကျင်းထဲ ဝင်အိပ်နေရပါတယ် သုံးညရှိသွားပါပြီ “ဟု၎င်းကပြောသည်။

ယင်းမြေပုံမြို့နယ်မှာ ရက္ခိုင့်တပ်တော်(AA) သိမ်းပိုက်ထားသည့်မြို့ဖြစ်ပြီး မြေပုံမြို့အခွဲ ကမ်းထောင်းကြီးမြို့အား စစ်ကောင်စီက မတ်လ တလထဲတွင် ငါးကြိမ်ထက်မနည်း ပစ်ခတ်နေခြင်းဖြစ်ပြီး မတ်လ ၂၄၊၂၉ ရက်နှင့် ၃၁ ရက်တို့တွင်လေကြောင်း၊ ရေကြောင်းမှအကြိမ်ပေါင်းများစွာပစ်ခတ်ခဲ့ကြောင်း ဒေသခံများကဆိုသည်။

“ တချို့ဗုံးတွေက အောက်ရောက်မှ ပေါက်ကွဲတာ။ မီးလောင်ဗုံးက အပေါ်က ကျလာကတည်းက မီးလောင်နေတာ၊ အိမ်တွေပေါ်ကျတော့ တန်းလောင်တာပဲ ” ဟု ဒေသခံတဦးကပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၄ ရက်တွင် စစ်ကောင်စီ၏ ဗုံးကြဲပစ်ခတ်မှုကြောင့် ကမ်းထောင်ကြီးမြို့ရှိ ပြည်သူ့ဆေးရုံ ထိခိုက်ပျက်စီးခဲ့သည်။ မတ်လ ၂၉ ရက်တွင်မူ စစ်ကောင်စီ၏ရေတပ်စစ်သင်္ဘော မှ လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် အရပ်သား ငါးဦးဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး အမျိုးသမီးတဦးမှာ လက်တဖက် ပြတ်သွားကြောင်း သိရသည်။

ကမ်းထောင်းကြီးမြို့တွင် ရက္ခိုင့်တပ်တော်(AA)တပ်ဖွဲ့ဝင်များရှိနိုင်သည်အထင်ဖြင့်ပစ်ခတ်နေခြင်းဖြစ်နိုင်သလို AA ထောက်ခံမှုအားကောင်းနေသည့်မြို့ဟု သတ်မှတ်ကာ ပစ်ခတ်နေခြင်းလည်းဖြစ်နိုင်ကြောင်း ဒေသခံအချို့က ဆိုသည်။

လက်ရှိအနေအထားအရ ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက်တိုက်ပွဲပြင်းထန်နေသည့်မြို့များ အပါအဝင် တိုက်ပွဲမရှိသည့်ဒေသများနှင့် AA မှသိမ်းပိုက်ထားနိုင်သည့်မြို့နယ်များကိုလည်း စစ်ကောင်စီက လေယာဥ်၊ ရဟတ်ယာဥ်နှင့် စစ်သင်္ဘောများမှဗုံး၊လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းဖြစ်ကြောင်းဒေသခံများကဆိုသည်။

လက်တလော အနောက်ပိုင်းတိုင်း စစ်ဌာချုပ် တည်ရှိရာ အမ်းမြို့ နယ်အတွင်း တိုက်ပွဲ ဖြစ်ပွားမှု ပြင်းထန်လာနေကြောင်း သိရသည်။ အမ်းမြို့နယ် ကဇူးကိုင်း ကျေးရွာ ၊ နပခအနီး လုံးကျေးရွာ နှင့် မကွေးနယ်စပ်ရခိုင်ရိုးမပေါ်ရှိ အမ်း-မင်းဘူး ကားလမ်း၊ ကံမြင့်ကန် ပူးပေါင်းစစ်ဆေးရေးဂိတ်အနီး စသည့် နေရာ များတွင် တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီ ဘက်မှ အထိနာ နေသောကြောင့်ယခုလိုခပ်စိပ်စိပ်ပစ်ခတ်နေခြင်းဖြစ်ကြောင်းအမ်းမြို့ဒေသခံသတင်းရင်းမြစ်တဦးကယူဆပြောကြားသည်။

“စစ်ရှုံးစစ်ကောင်စီက စစ်ပွဲမှာအထိနာ လာတဲ့အခါ စစ်ပွဲနဲ့မသက်ဆိုင်တဲ့နေရာတွေကို ရည်ရွယ်ချက် ရှိရှိ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်”ဟု၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၂ ရက် ကလည်း ကမ်းထောင်းကြီးမြို့အနီး မြေပုံမြို့နယ် ညောင်ကန်ကျေးရွာကို စစ်ကောင်စီလေကြောင်းမှတိုက်ခိုက်ခဲ့မှုကြောင့် ရွာဘုန်းကြီးကျောင်း မီးလောင်ပျက်စီးပြီး ရဟန်းအချို့ပြင်းထန်ဒဏ်ရာရကာ နေအိမ် အလုံး ၂၀ ဝန်းကျင် မီးလောင်ပျက်စီးခဲ့သည်။

အဆိုပါ ကမ်းထောင်းကြီးနှင့် မြေပုံမြို့များရှိ ကျေးရွာ ပေါင်း ၃၀ ကျော်တွင် လျှပ်စစ်မီးဖြတ်တောက်ခံထားရသည်မှာ တလကျော်ကြာမြင့် နေပြီဖြစ် ကြောင်း ဒေသခံများထံသိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး