ထားဝယ်နှင့် တနင်္သာရီတို့တွင် စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်း ကာကွယ်ရေးတပ်ဖွဲ့ တိုက်ခိုက်

ရေး-ထားဝယ် ကားလမ်းမပေါ် ယာဉ်တန်းအားကာကွယ်ရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်နေပုံ။

ကိုရွှေမြိတ်

(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ ထားဝယ်နှင့် တနင်္သာရီမြို့နယ်တို့ရှိ စစ်ကောင်စီ ယာဉ်တန်းနှင့် တပ်ရင်း တပ်ဖွဲ့တို့ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့က မတ်လ ၃၁ ရက် နံနက်ပိုင်းက တပြိုင်တည်း တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

ထားဝယ်မြို့နယ်၊ ကလိန်အောင်ဖက်မှ အမတ (၃၀၂) တပ်ရင်းသို့ အင်အားဖြည့်ရန် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ ခန့် လိုက်ပါလာသော မြေသယ်ကားနှစ်စီးကို ရေး-ထား၀ယ်လမ်းပိုင်းတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ဗထူးတပ်မတော် (BHA) အဖွဲ့သတင်းနှင့် ပြန်ကြားရေးထံမှ သိရသည်။

“အဲ့ဒီ တိုက်ပွဲမှာ ကျွန်တော်တို့ ပူးပေါင်းအဖွဲ့က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့သလို ဒရုန်းနဲ့လည်း တိုက်ခိုက်တာ။မြေပြင် သတင်းပေးပို့ချက်နဲ့ရော ဒရုန်းနဲ့ တွေ့မြင်ရတဲ့ အချက်အလက်တွေအရ အယောက် ၄၀ သေတယ် ဆိုတာ အတည်ပြုနိုင်တာ ဖြစ်တယ်”ဟု ဗထူးတပ်မတော် (BHA) အဖွဲ့ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ရဲဘော် ထက်မြတ်က ပြောသည်။

အဆိုပါတိုက်ခိုက်မှုအား KNLA တပ်မဟာ (၆)၊ တပ်ရင်း (၂၇) နှင့် ဗထူးတပ်မတော် (BHA) တို့က ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ယင်းနေ့ နံနက် ၄ နာရီ နှင့် ည ၁၁ နာရီခွဲ အချိန်တို့တွင် တနင်္သာရီမြို့နယ် အခြေစိုက် ခမရ (၅၅၇) နှင့် ခမရ (၅၅၈) တပ်ရင်းတို့ကို မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၁) (ADF ဒရုန်းအဖွဲ့)က ဗုံးသီးရှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်းလည်း သတင်းထုတ်ပြန်ထားသည်။

ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှုကြောင့် တပ်ရင်းအတွင်းရှိ အဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။

“ထိခိုက် သေဆုံးမှုတော့ ရှိနိုင်တယ်၊ မြေပြင် စုံစမ်းမှုတော့ မရသေးဘူး”ဟု ပြန်ကြားရေး တာဝန်ခံက ပြောသည်။

တနင်္သာရီတိုင်းရှိ ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်တို့တွင် မတ်လအတွင်း စစ်ရေးအရှိန်မြှင့် လုပ်ဆောင်မှုများကြောင့် နှစ်ဖက်စစ်ရေး တင်းမာနေပြီး ဒေသခံများအနေဖြင့် အသွားအလာ သတိရှိကြရန်နှင့် စစ်ရေးသတိပေး ထုတ်ပြန်ချက်များကို လိုက်နာကြရန် တော်လှန်ရေးပူးပေါင်းအဖွဲ့က အသိပေးထားသည်။

စာတည်း ။ ။ ဖူးသိမ်ကျ