စစ်ရေးစီမံချက်ချမှတ်၍ စစ်အာဏာရှင်ကို ချေမှုန်းမည်ဟု CDF – Mindat ထုတ်ပြန်

ပုံအညွှန်း - ညီလာခံတက်ရောက်သူများတွေ့ရစဥ် (ဓါတ်ပုံ - CDF – Mindat)

ပုံအညွှန်း – ညီလာခံတက်ရောက်သူများတွေ့ရစဥ် (ဓါတ်ပုံ – CDF – Mindat)

ပါခွီး

(မဇ္စျိမ) ။ ။ ချင်းပြည်နယ် ၊ မင်းတပ်မြို့နယ်၌ ၂၀၂၄ခုနှစ်အတွင်း စစ်ရေးစီမံချက်များ အခိုင်အမာချမှတ်ပြီး စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေးအား အရှိန်ဟုန်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) CDF – Mindat က ဧပြီလ ၂ရက်နေ့တွင်ထုတ်ပြန်သည်။

စစ်ကောင်စီတပ်၏ ကင်းထောက်လေယာဥ်နှင့် လေကြောင်းတိုက်ခိုက်မှုများကြားက မတ်လ ၃၀ရက်နေ့မှ ဧပြီလ ၁ရက်နေ့အထိ ကျင်းပခဲ့သော CDF – Mindat ဒုတိယ အကြိမ်မြောက် အထွေထွေညီလာခံမှ ယင်းသို့ သဘောထားထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

“စစ်ရေးကို တိုးချဲ့လုပ်ဆောင်သွားကြဖို့ရယ် ၊ သဘောထားကွဲလွဲနေတာတွေ ပြန်စုစည်းဖို့တွေကို အဓိက ဆုံးဖြတ်ခဲ့ကြပါတယ်” ဟု CDF – Mindat တာဝန်ရှိသူတဦးက မဇ္စျိမကိုပြောသည်။

ညီလာခံကိုအောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး ဆုံးဖြတ်ချက် ၁၀ ချက်ချမှတ်နိုင်ခဲ့ကြသည်ဟု ဆိုသည်။

CDF- Mindat ထိန်းချုပ်နယ်မြေအတွင်း ပြည်သူလူထု စည်းလုံးညီညွတ်ရေး ပျက်ပြားစေရေးအတွက် နိုင်ငံရေး ၊ စစ်ရေးအရ စည်းရုံးလှုံ့ဆော်မည့် မည်သည့် လူပုဂ္ဂိုလ် ၊ အဖွဲ့အစည်းကိုမဆို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ချင်းအမျိုးသားကောင်စီ(မင်းတပ်) CNC – Mindat ကို ပိုမိုကျစ်လျစ်ခိုင်မာရေးအား အစဥ်တစိုက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ချင်းပြည်နှင့် ချင်းအမျိုးသားရေးကိစ္စရပ်များတွင် ချင်းပြည်သူအားလုံးသဘောတူ လက်ခံနိုင်မည့် ဖက်ဒရယ်အစိုးရ ပေါ်ပေါက်ရေးအား ချင်းညီနောင်နှင့်အတူ စစ်ရေး ၊ နိုင်ငံရေးတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဆိုသည်။

ပြည်တွင်းပြည်ပရှိ တော်လှန်ရေးအင်အားစုများ ၊ ပြည်သူလူထုများက ယနေ့အချိန်အထိ အင်အားတောင့်တင်းခိုင်မာလာစေရေးအတွက် တစိုက်မတ်မတ် ပူးပေါင်းဆောင်ရွက်ပေးမှုအပေါ် ကျေးဇူးတင်ရှိကြောင်း CDF – Mindat ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဒုတိယအကြိမ် အထွေထွေညီလာခံကို သဘာပတိ ၊ စစ်ဦးစီးချုပ် ၊ ဒုတိယစစ်ဦးစီးချုပ်၊ စစ်ဒေသမှူး ၊ စီမံညွှန်ကြားရေးမှူး ၊ ဌာနမှူးများ ၊ ဗျူဟာမှူးများ ၊ တပ်ရင်း ခြောက်ရင်းရှိ တပ်ရင်းမှူးများ ၊ ဒုတပ်ရင်းမှူးများနှင့် ဗဟိုကာကွယ်ရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်းသိရသည်။

၂၀၂၁ခုနှစ် ဧပြီလ ၂၄ရက်နေ့မှစတင်၍ စစ်အာဏာရှင်ကို လက်နက်စွဲကိုင်တော်လှန်တိုက်ခိုက်နေသည့် ချင်းလက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပြီး တိုက်ပွဲများအတွင်း ရဲဘော် ၆၀ခန့် အသက်ဆုံးရှုံးခဲ့ပြီးကြောင်း CDF – Mindat တာဝန်ရှိသူထံက သိရှိရသည်။

စာတည်း- သန့်ဇော်(သန်လျင်)