တရုတ်မှာ ဖော်ထုတ်ဖွင့်ချသူတဦး ဖြစ်ခြင်း၏ စွန့်လွှတ်ပေးဆပ်ရမှု

Aljazeera
      
၁၉၉၀ ပြည့်နှစ်အစောပိုင်းကာလများအတွင်း တရုတ်နိုင်ငံအလယ်ပိုင်း ပြည်နယ်တချို့ရှိ ကျေးရွာများတွင် ပဟေဠိဆန် နားလည်ရခက်သော နာမကျန်းဖြစ်မှုတမျိုးက လျင်မြန်စွာ ကူးစက်ပျံ့နှံ့ခဲ့သည်။

ထိုအချိန်တွင် ဥရောပနှင့် အမေရိကန် အပါအဝင် ကမ္ဘာ့ တခြားသော နေရာဒေသများတွင် HIV/AIDS က ပေါ်ပေါက်နေနှင့်ပြီးဖြစ်ပြီး လူနာများသည် အများအားဖြင့် လိင်ပိုင်းဆိုင်ရာ ထိတွေ့ဆက်ဆံမှုမှတဆင့် ကူးစက်ခြင်း ဖြစ်သည်။ သို့သော် တရုတ်တွင် လူများသည် ၎င်းတို့၏ သွေးနှင့် သွေးရည်ကြည် ရောင်းချပြီးနောက် သို့မဟုတ် ရောင်းဝယ်မှုအတွင်း ရောဂါပိုးမွှားဖြင့် မသန့်မပြန့်ဖြစ်နေသည့် သွေးသွင်းမှုများ ခံယူပြီးနောက် ကူးစက်ခံကြရခြင်း ဖြစ်သည်။

ထို့နောက်ပိုင်း ဆယ်စုနှစ်အတွင်း သွေးနှင့် သွေးရည်ကြည် ရောင်းဝယ်မှု၏ ဗဟိုချက်မနေရာဖြစ်သည့် ဟယ်နန်ပြည်နယ်တွင် လူ ၃၀၀,၀၀၀ အထိ ရောဂါကူးစက်ခံခဲ့ရပြီး ထိုကူးစက်မှုကို ဒေသခံဖြစ်သည့် အငြိမ်းစား မီးယပ်ရောဂါပါရဂူ ဒေါက်တာ ကောင်ယောင်ဂျီ (Gao Yaojie) က ဖော်ထုတ်သတင်းပေးခဲ့သည်။

COVID-19 နှင့်ပတ်သက်ပြီး သတိပေးထုတ်ဖော်ပြီး ၂၀၂၀ ပြည့်နှစ်အစောပိုင်းတွင် ထိုဗိုင်းရပ်စ်ကြောင့် အသက်သေဆုံးခဲ့ရသည့် မျက်စိကု ဆရာဝန် ဒေါက်တာ လီဝမ်လျန် မတိုင်မီ ကာလကြာကတည်းကပင် ဒေါက်တာ ကောင် သည် တရုတ်၏ လူသိအများဆုံးသော whistleblower (ဖော်ထုတ်ဖွင့်ချသူ) ဖြစ်သည်။ တရုတ်၏ AIDS ကူးစက်ရောဂါ၏ ရင်းမြစ်ကို အများကို ထုတ်ဖော်သည့် သူမ၏ ဆုံးဖြတ်ချက်ကြောင့် ဒေါက်တာ ကောင်သည် သူ့ဘဝ၏ နောက်ဆုံး ၁၄ နှစ်တာကို ပြည်ပသို့ သွားရောက်တိမ်းရှောင်နေထိုင်ရင်း ကုန်လွန်ခဲ့ရသည်။ သူမသည် ယမန်နှစ် ဒီဇင်ဘာက နယူးယော့ခ်တွင် ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၉၅ နှစ် ရှိပြီဖြစ်သည်။

တရုတ်တာဝန်ရှိသူတို့ဘက်က သူမနှင့်ပတ်သက်ပြီး သတင်းမှေးမှိန်ဖျောက်ဖျက်မှု (ဝီကီပီးဒီယား နှင့်တူသော တရုတ်၏ အွန်လိုင်းစွယ်စုံကျမ်း Baidu Baike က ဒေါက်တာ ကောင် သည် ဧည့်သုတေသီအဖြစ် ပြည်ပတွင် အခြေချနေထိုင်ခဲ့ဟု ဆို) ရှိလင့်ကစား တရုတ်ရှိ အင်တာနက်သုံးသူများက ဒေါက်တာ လီကို အထိမ်းအမှတ် ဂုဏ်ပြုခဲ့သည့် တူညီသော Weibo စာမျက်နှာတွင် ဒေါက်တာ ကောင် ကွယ်လွန်မှုအတွက် ဝမ်းနည်းကြောင်း ထုတ်ဖော်ခဲ့ကြသည်။

ဒေါက်တာ ကောင် တယောက် နိုင်ငံတွင် ထင်ပေါ်လူသိများမှု အခြေအနေမှ အာဏာပိုင်တို့၏ အညှာတာမဲ့ နှိပ်ကွပ်ခြင်းကို ခံရသည့်အခြေအနေသို့ သက်ဆင်းရောက်ရှိသွားခြင်းကို ကြည့်မည်ဆိုပါက တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာကို တံခါးဖွင့်သည်ဟု ရှုမြင်ခံရချိန်တွင်တောင်မှ တရုတ်အာဏာပိုင်တို့ မည်သို့မည်ပုံ အကြင်နာမဲ့ ရက်စက်နိုင်သလဲ ဆိုသည်ကို ထုတ်ဖော်ပြသနေခဲ့သည်။

“ဒေါက်တာ ကောင် ဖြစ်စေချင်ခဲ့တာက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရှိဖို့၊ တရုတ်ရဲ့ AIDS ကူးစက်ရောဂါရဲ့ နောက်ကွယ်က အမှန်တရားကို ကမ္ဘာတဝန်းကို ပြောပြဖို့နဲ့ သမိုင်းဆိုင်ရာ မှတ်တမ်းတခု သိမ်းထားဖို့ပဲဖြစ်တယ်” ဟု ဒေါက်တာ ကောင် အမေရိကန်တွင် သွားရောက်နေထိုင်ရစဉ်အချိန်အတွင်း ထုတ်ခဲ့သည့် စာအုပ်အများစုကို တည်းဖြည်ခဲ့သည့် ဂျာနယ်လစ်ဟောင်း လင် ရှီယွီက ပြောသည်။ “ဒါကြောင့်လည်း ဒေါက်တာ ကောင် တရုတ်ကနေ ပြည်ပကို တိမ်းရှောင်ရောက်ရှိခဲ့ရတာဖြစ်တယ်”

ယခုထက်ထိ မဖြေရှင်းရသေးသည့် COVID-19 ကပ်ရောဂါ၏ မူလဇာစ်မြစ်ဆိုင်ရာအရ တရုတ်အာဏာပိုင်တို့ ချမှတ်ထားသည့် လျှို့ဝှက်ထားမှုက ကမ္ဘာ့ကျန်နေရာဒေသများအတွက် ဂယက်ရိုက်ခတ်မှုများ ရှိစေသည်ကို ပြသနေသည်။ ၂၀၁၉ ခုနှစ်ကုန်ပိုင်းက ဝူဟန်တွင် ပထမဆုံး ထွက်ပေါ်ခဲ့သည့် “ပဟေဠိဆန်သော ဗိုင်းရပ်စ်” ကြောင့် ကမ္ဘာတဝန်း လူ ခုနစ်သန်းကျော် သေဆုံးခဲ့ရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ၏ ယခုနောက်ဆုံး ကိန်းဂဏန်းများအရ သိရသည်။

ဒေါက်တာ ကောင် သည် ဖော်ထုတ်ဖွင့်ချသူ whistleblower တဦး ဖြစ်ရန် မဆိုထားနှင့်၊ သူမသည် တက်ကြွလှုပ်ရှားသူတဦးဖြစ်ရင်ပင် ရည်ရွယ်ချက် ရှိခဲ့သူ မဟုတ်ပေ။ သူမသည် ဟယ်နန်ပြည်နယ်တွင် AIDS ၏ ရောဂါလက္ခဏာများဖြစ်သည်ဟု သူမသိထားသည့် လက္ခဏာများ ရှိနေသည့် လူနာများကို စပြီးတွေ့ချိန်တွင်မှစပြီး စိုးရိမ်ထိတ်လန့်လာမိခဲ့သည်။ ယင်းနှင့်ပတ်သက်ပြီး ဒေါက်တာ ကောင် အခိုင်အမာ မပြောမချင်း ရောဂါ အမျိုးအမည် ရှာဖွေဖော်ထုတ်ရန် မဆိုထားနှင့်၊ လူအနည်းငယ်သာ HIV စစ်ဆေးခံခဲ့သည်။

“ဆရာဝန်တယောက်ဖြစ်တဲ့ ကျွန်မအနေနဲ့ ဒါကို မသိကျိုးကျွန်ပြုမနေနိုင်ဘူး။ ဒီကူးစက်ရောဂါ ပျံ့နှံ့ကူးစက်မှုကို တားဆီးကာကွယ်ဖို့ ကျွန်မ လုပ်နိုင်သမျှ အားလုံး လုပ်ဖို့ ကျွန်မမှာ တာဝန်ရှိတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းက HIV ပျံ့နှံ့ကူးစက်မှုကို အရင်းခံတဲ့ နားမလည်နိုင်အောင် နက်နဲတဲ့ အင်အားစုတွေကို ကျွန်မ မသိခဲ့ဘူး။ တကယ်လို့ သိများသိခဲ့ရင်တော့ ကျွန်မဟာ သတ္တိမွေးနိုင်စွမ်း ရှိချင်မှ ရှိနိုင်ပါလိမ့်မယ်” ဟု ဒေါက်တာ ကောင်က သူမ၏ ၂၀၀၈ ခုနှစ် ကိုယ်တွေ့မှတ်တမ်း “The Soul of Gao Yaojie” တွင် ရေးသည်။

ဆင်းရဲနွမ်းပါးသည့် ရွာသားများ ၎င်းတို့၏ ဝင်ငွေကို ဖြည့်စွက်ရန်လိုအပ်သည့် ကျေးလက်ဒေသများ၌ အထူးသဖြင့် ပျံ့နှံ့နေသော သွေးရည်ကြည် ရောင်းဝယ်မှုက HIV ကူးစက်မှုအတွက် အဓိက ရောဂါသယ်ဆောင်မှုအချက် ဖြစ်လာသည်ကို များမကြာမီ ဒေါက်တာ ကောင် သိရှိသွားခဲ့သည်။ ဗိုင်းရပ်စ်က ‘ပြည်ပ’ ဇာစ်မြစ် ဖြစ်သည် ဆိုပြီး ပုံသွင်းရန် ကြိုးပမ်းမှုတစိတ်တပိုင်းအဖြစ် တရုတ်အာဏာပိုင်တို့က ပြည်တွင်းသို့ တင်သွင်းသည့် သွေးထုတ်ကုန် အများစုကို ပိတ်ပင်လိုက်ပြီး ဆေးဝါးကုမ္ပဏီများက ပြည်တွင်းဝယ်လိုအားကို မြင့်တက်စေခြင်းနှင့်အတူ ပြဿနာကို ပိုဆိုးစေခဲ့သည်။

ယုတ်စွအဆုံး တရုတ်ကြက်ခြေနီအဖွဲ့နှင့် ပြည်သူ့လွတ်မြောက်ရေးစစ်တပ် စီမံခန့်ခွဲ့သော ဆေးရုံများပင်လျင် အရောင်းအဝယ်အားကောင်းသည့် သွေးအရောင်းအဝယ်လုပ်ငန်းတွင် ပါဝင်ပတ်သက်နေခဲ့သည်။ သွေးရည်ကြည် ရောင်းခြင်းက ကျန်းမာရေးအတွက် ကောင်းမွန်သည် ဆိုပြီး လုပ်ငန်းမှ အကျိုးအမြတ် ရရှိနေသည့် ဒေသတာဝန်ရှိသူများက ရွာသားများကို ပြောခဲ့သည်။ လူအများအပြား HIV ကူးစက်ခံခဲ့ရပြီး အကြောင်းမှာ အမြဲတမ်းဆိုသလိုပင် သွေးထုတ်ယူရန် ညစ်ပတ်သည့် ဆေးထိုးအပ်များကို ပြန်ပြီး အသုံးပြုခြင်းကြောင့် ဖြစ်သည်။

ဟယ်နန်ပြည်နယ်ရှိ ကောင်တီတခုရှိ ရွာသား ၃,၀၀၀ အနက် ထက်ဝက်ခန့်သည် ယင်းအချိန်က သွေးရည်ကြည်ရောင်းမှုမှ ရသည့် ငွေဖြင့် အလျဉ်မီအောင် ရပ်တည်ခဲ့ကြရပြီး လူ ၈၀၀ ခန့်သည် AIDS ရောဂါဖြစ်ခဲ့ကြကြောင်း ဒေါက်တာ ကောင် က သူမ၏ ကိုယ်ရေးမှတ်တမ်းတွင် မှတ်ချက်ပြုသည်။

‘တရားဝင် ထိန်းချုပ်သည့် လုပ်ငန်းစဉ်’

ရောဂါကူးစက်မှုတို့၏ ရင်းမြစ်ကို ထုတ်ဖော်ရန်နှင့် သွေးအရောင်းအဝယ်ကို တားဆီးရန် ဒေါက်တာ ကောင် ၏ ကြိုးစားတိုက်ပွဲဝင်မှုက ဒေသတာဝန်ရှိသူများကို စိတ်အနှောင့်အယှက်ပေးခဲ့သလောက် ဗဟိုအစိုးရက သူမ၏ အားထုတ်မှုများကို အသိအမှတ်ပြုခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် ပြည်နယ်တာဝန်ရှိသူများက သူမကို နေအိမ်အကျယ်ချုပ် ထားရှိခဲ့ချိန် ကျန်းမာရေးဝန်ကြီးက ကြားဝင်ပေးခဲ့သည့်အတွက် ဒေါက်တာ ကောင်သည် ဆုတဆု လက်ခံရယူရန် အမေရိကန်သို့ ခရီးသွားရောက်နိုင်ခဲ့သည်။

“ဖော်ထုတ်ဖွင့်ချခြင်း” ကို တရုတ်ဘာသာသို့ တိုက်ရိုက်ပြန်ဆိုသည် ဆိုသော်ငြား ယင်းအိုင်ဒီယာသည် အသစ်အဆန်း မဟုတ်သလို အမှား(အပြစ်) လုပ်မှုများကို တိုင်တန်းနိုင်ခွင့်ကို ၁၉၅၄ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပထမဆုံး ဖွဲ့စည်းပုံဥပဒေတွင် အကာအကွယ်ပေးထားသည်။ “အာဏာပိုင်များ၏ အာဏာအလွဲသုံးမှု မှန်သမျှနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံသားအားလုံးအနေဖြင့် နှုတ်ဖြင့် ဖြစ်စေ သို့မဟုတ် စာရေး၍ ဖြစ်စေ တိုင်တန်းနိုင်ခွင့်ရှိသည်” ဟု ယင်းက ဖော်ပြထားကြောင်း နိုင်ငံရေးသိပ္ပံပညာရှင် တင်ဂေါင်က ‘ထုတ်ဖော်ဖွင့်ချခြင်း- ယင်းက တရုတ်တွင် မည်သို့ အဓိပ္ပါယ်ဆောင်သလဲ’ ဟု ခေါင်းစဉ်ပေးထားသည့် သူမ၏ ၂၀၀၀ ပြည့်နှစ် စာတမ်းတွင် ပြောသည်။

သို့သော် ထိုတိုင်တန်းနိုင်ခွင့်တွင် အကန့်အသတ်များ ရှိသည်။

“တရုတ်မှာ ဖော်ထုတ်ဖွင့်ချမှု (whistleblowing) က တရားဝင် ထိန်းချုပ်ထားတဲ့ လုပ်ငန်းစဉ်တခုဖြစ်တယ်” ဟု ဂေါင်က မှတ်ချက်ပြုသည်။

သိပ်မကြာမီ ဒေါက်တာ ကောင်နှင့် အခြားသူတို့အပေါ် အခြေအနေက ပြောင်းလဲလာသည်။ ကျန်းမာရေးအရာရှိအဖြစ်မှ ရှေ့နေအဖြစ် ပြောင်းလဲလုပ်ကိုင်သည့် ဒေါက်တာ ဝမ် ယန်ဟိုင်းသည် AIDS နှင့် ဆက်နွယ်သည့် သေဆုံးမှု ၁၇၀ နှင့်ပတ်သက်သည့် အစိုးရလျှို့ဝှက် အထောက်အထားစာရွက်စာတမ်းတခု ဖြန့်ဖြူးမှုအတွက် ၂၀၀၂ ခုနှစ်တွင် ဖမ်းဆီးထိန်းသိမ်းခံရသည်။

COVID-19 နှင့်အတူ AIDS ဖြစ်စဉ်တွင် “ဖုံးဖိကွယ်ဝှက်ဖို့ စေ့ဆော်မှုက နိုင်ငံရေးအတွေးအမြစ်စနစ်ဖြစ်တယ်။ တရုတ်အာဏာပိုင်တွေက သူတို့ရဲ့ ကွန်မြူနစ်စနစ်သာ ကမ္ဘာ့အကောင်းဆုံးဖြစ်ပြီး အမှားကို ခွင့်မလွှတ်ဘူးလို့ ရှုမြင်ထားတယ်” ဝမ်က ၂၀၁၀ နောက်ပိုင်း တရုတ်သို့ ပြန်ခွင့် ပိတ်ပင်ခံရပြီးနောက် ဖေဖေါ်ဝါရီတွင် နယူးယော့ခ်မှနေပြီး Al Jazeera ကို ပြောသည်။ ထိုနှစ်က ဝမ်သည် တာဝန်ရှိသူများ၏ သတိပေးမှုများကို အာခံပြီး တရုတ်အစိုးရနှင့် အမြင်သဘောကွဲလွဲဆန့်ကျင်သူ ပညာရှင် လျှူရှောင်ဘို ကို ဂုဏ်ပြုရန် အော်စလိုရှိ နိုဘယ်လ်ငြိမ်းချမ်းရေးဆု အခမ်းအနားကို တက်ရောက်ခဲ့သည်။ လျူရှောင်ဘိုသည် နောက်ဆုံးတွင် ၂၀၁၇ ခုနှစ်က အကျဉ်းထောင်တွင် သေဆုံးခဲ့သည်။

ဒေါက်တာ ကောင် အတွက်မူ ကမ္ဘာတဝန်း ချီးကျူးမှုများနှင့် သူမ၏ လုပ်ကိုင်မှုနှင့်ပတ်သက်ပြီး နိုင်ငံခြားမီဒီယာများတွင် သတင်းရေးသားဖော်ပြမှုတို့အရ တရုတ်တာဝန်ရှိသူများအနေဖြင့် သူမကို ထပ်မံ ထိန်းချုပ်ကိုင်တွယ်ရန်သာ ဦးတည်စေသည်။

၂၀၀၈ ခုနှစ်က သူမ၏ ဟောင်ကောင်သို့ စာအုပ် tour တခုအပြီးတွင် တရုတ်တာဝန်ရှိသူများက သူမအပေါ် တိုးမြှင့်စောင့်ကြည့်ခဲ့ပြီး ယုတ်စွအဆုံး သူမကို မိသားစုဝင်များနှင့် အဆက်အသွယ်ဖြတ်တောက်ခဲ့သည်။ ယင်းနောက် လအနည်းငယ်တွင် ဒေါက်တာ ကောင် သည် လူနာများ၏ ဓာတ်ပုံများနှင့် အသေးစိတ်အချက်များ ပါသည့် ကွန်ပြူတာဓာတ်ပြားတခု၊ သွေးပေါင်ချိန်စက်တခုဖြင့် တိမ်းရှောင်လွတ်မြောက်ခဲ့သည်။

ဒေါက်တာ ကောင် သည် အသက် ၈၁ နှစ်အရွယ်ဖြင့် တရုတ်မှ ပြည်ပသို့ ထွက်ပြေးခဲ့ရသည့် အသက်အကြီးဆုံး (အစိုးရနှင့်အမြင်သဘောကွဲလွဲဆန့်ကျင်သူ) ဖြစ်ခဲ့သည်။ သူမ ကွယ်လွန်ပြီးနောက် တလအကြာမှသာ လူသိများသော စီးပွားရေးပညာရှင် မော် ယူရှီက စံချိန်သစ် တင်ခဲ့သည်။ ဈေးကွက်ပြုပြင်ပြောင်းလဲရေးကို ထောက်ခံမှုအတွက် လူသိများသည့် မော်၏ လစ်ဘရယ် think tank အဖွဲ့သည် တရုတ်တာဝန်ရှိသူများ၏ ပိတ်ပင်ခြင်းကို ခံခဲ့ရပြီး မော်သည် သူ တရုတ်မှ ထွက်ပြေးလာပြီးနောက် များမကြာမီ ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့၌ သူ၏ အသက် ၉၅ နှစ် မွေးနေ့အထိမ်းအမှတ် ဓာတ်ပုံများကို ဆိုရှယ်မီဒီယာတွင် ဝေမျှခဲ့သည်။
ဒေါက်တာ ကောင် သည် မကွယ်လွန်မီ သူမ၏ နောက်ဆုံးနေ့များအထိ စာအုပ်များ ဆက်လက်ရေးသားခဲ့သည်။

“သူ (ဒေါက်တာ ကောင်) က အရင်ကဆို လူနာတွေကို စောင့်ရှောက်ဖို့ အလုပ်များခဲ့တဲ့လူမျိုးလေ၊ ခုကျတော့ notepad တခုမှာ စာရေးရရုံမျှက အချည်းနှီးပဲလို့ သူခံစားရတယ်” ဟု လင်က ပြောသည်။ ဒေါက်တာ ကောင်သည် သူမ၏ နောက်ဆုံးနှစ်များတွင် ပြည်ပသို့ လာရောက်တိမ်းရှောင်နေထိုင်ရမှုကို ဘယ်တော့မှ ခပ်ပေါ့ပေါ့သဘောထားခြင်း မရှိခဲ့ပေ။

“အမေရိကန်ဆိုတာ နိဗ္ဗာန် မဟုတ်ပါဘူး။ ဒါပေမယ့် တကယ်လို့သာ ကျွန်မ တရုတ်ကနေ ထွက်မလာခဲ့ဘူးဆိုရင်တော့ ကျွန်မဟာ အသက် ၉၀ ကို လွန်ပြီး အသက်ရှင်နေနိုင်လိမ့်မှာ မဟုတ်ပါဘူး” ဟု ဒေါက်တာ ကောင်က ရေးသားခဲ့သည်။