နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၃ ဧပြီ ၂၀၂၄)

အမျိုးသားညီညွတ်ရေး အစိုးရ

အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာနနှင့် မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများ ကောင်စီ (CCSC-MON) တို့အကြား တွေ့ဆုံဆွေးနွေးပွဲကို မတ် ၃၀ ရက် ကအွန်လိုင်းကတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ပါရမီလမ်းနှင့် အုတ်ကျင်းကြားတွင်ရှိသည့် အကြမ်းဖက်စစ်တပ်၏ အမှတ်(၃)တပ်ထိန်း တပ်မှူးနေအိမ်နှင့် ရုံး ပစ်မှတ်နှစ်ခုကို ဧပြီ ၂ ရက် ညပိုင်းတွင် ၁၀၇ မမ လက်နက် ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ရန်ကုန်ပကဖ(အထူးတပ်ဖွဲ့)ထံမှ သိရသည်။

မကွေးတိုင်း ၊ ရေစကြိုမြို့နယ်မှာ အကြမ်းဖက်စစ်တပ်၏ ခလရ ၂၅၈ တပ်ရင်းမှ အကြမ်း ဖက်စစ်သားများသည် အရပ်သုံးကား ( အိမ်စီးကား)နှင့် မြို့ထဲကိုဝင်လာသည့် အတွက် အသင့်စောင့်ကြို တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံမှ သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရန် အစဉ်တစိုက် ကြိုးစားအားထုတ်နေကြောင်း ဧပြီ ၂ ရက် NUG အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်သည်။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ သတ်မှတ်ထားသော နေရာများမှလွဲ၍ အခွန် ကောက်ခံခြင်းမပြုရန် ပခုက္ကူမြို့နယ် ပအဖက ဧပြီ ၁ရက်တွင် ကြေညာသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်အနီးတွင် ဧပြီလ ၂ ရက်က မြန်မာဖက်သို့ပို့ ဆောင်မည်ဟု ယူဆရသည့် RPG ထိပ်ဖူးအပါဝင် ခဲယမ်းများသိမ်းဆည်းရမိခဲ့ကြောင်း ယနေ့ ဧပြီလ ၃ ရက် ယနေ့ နံနက် ပိုင်းက မဲဆောက်ရဲစခန်းတွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ တိုက်ရိုက်ထုတ်လွှင့်မှုအရ သိရသည်။

ပဲခူးတိုင်း၊သာယာဝတီခရိုင်၊အုတ်ဖိုမြို့တွင် ကာကွယ်ရေးရဲဘော်များက ဖျက်ဆီးလိုက်သည့် စစ်ဘက်ဆိုင်ရာသုံးဆက်သွယ်ရေးကေဘယ်လ်ကြိုးအား ပြင်ဆင်ရန်လာသော စစ်ကောင်စီ ခြေလျင်စစ်‌ကြောင်းကို ပဒေသာမိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးခန့်သေဆုံး သွားသည်ဟု မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) က သတင်းထုတ်ပြန်သည်။

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း နယ်လှည့်စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ကို ကာကွယ်ရေးပူးပေါင်းအဖွဲ့ကတိုက်ခိုက်ခဲ့ကြောင်း မြိုင် ပကဖ တပ်ရင်း(၃) တပ်ခွဲ(၁) ဝံပုလွေ ပြောက် ကျားတပ်ဖွဲ့က ဧပြီလ ၃ ရက် ယနေ့ ထုတ်ပြန်သည်။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ကျောက်ကုန်းကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့ရှိရာ စခန်းကို ဧပြီလ ၁ရက်နေ့က ဝင်ရောက်တိုက်ခိုက်ပြီး လက်နက်ခဲယမ်းများ သိမ်းယူရရှိခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်ကပြောသည်။

စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ်တွင် ယနေ့ (ဧပြီ ၃) နံနက်ပိုင်း၌ အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ တော်လှန်လူငယ်များက ဦးဆောင်၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသည်။

ဘုတလင်မြို့နယ်တွင် ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က ပြည်သူ လူထုထံ လေကြောင်းရန်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။

ယင်းမာပင်မြို့နယ်နှင့်ဆားလင်းကြီးမြို့ နယ်ရှိ စစ်ဘေးရှောင်ပြည်သူများကို ဗကသများအဖွဲ့ချုပ်နှင့် Mini Rats’ Force – MRF တို့ ပူးပေါင်းပြီး ပြည်သူများ၏ စုပေါင်းအလှူငွေများနှင့် နေ့လယ်စာ ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

ယင်းမာပင်မြို့နယ်တွင် နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဧပြီလ ၃ ရက်နေ့တွင် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ် ရွှေနံသာ အုပ်ချုပ်ရေးမှူးရုံးအနီးရှိ အကြမ်းဖက် စစ်တပ်ဂိတ် ကင်းစခန်းကို လက်ပစ်ဗုံး ၂ လုံး ပစ်သွင်း တိုက်ခိုက်ရာ ရုံးရှေ့ကင်းတဲတွင်ရှိနေသော အုပ်ချုပ်ရေးမှူး အပါအဝင် ၃ ဦးသေဆုံးခဲ့ကြောင်း Mother Son Force အဖွဲ့၏ ပြောဆိုချက်ကို ကိုးကား၍ ရန်ကုန်ခေတ်သစ် သတင်းတွင် ဖော်ပြထားသည်။

ပြည်သူ့တော်လှန်ရေးတပ်ဦးမှ အဦးဆုံးကြွေလွင့်သွားခဲ့ရသည့် ဗကသ ကျောင်းသားရဲဘော်ဝသာန် ကျဆုံးခြင်းတနှစ်ပြည့်တွင် ရဲဘော်ဝဿန်၏ အရိုးပြာအုပ်ဂူဆီ သွားရောက်၍ ကျန်ရစ်သူရဲဘော်ရဲ ဘက်များက ဦးညွတ်အလေးပြုခဲ့ကြသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

ချင်းပြည်နယ် ၊ မင်းတပ်မြို့နယ်၌ ၂၀၂၄ခုနှစ်အတွင်း စစ်ရေးစီမံချက်များ အခိုင်အမာချမှတ်ပြီး စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေးအား အရှိန်ဟုန်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) CDF – Mindat က ဧပြီလ ၂ရက်နေ့တွင်ထုတ်ပြန်သည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းဒေသ ဆီဆိုင်မြို့သည် လက်ရှိတွင် စစ်ကောင်စီတပ်နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ် (PNLA) တို့ နှစ်ဖက်စစ်ဆိုင်အနေအထားဖြစ်သောကြောင့် ပြည်သူများ အန္တရာယ်ဖြစ်လာမည်ကို စိုးရိမ်ရ၍ မြို့အတွင်း ပြန်လည်ဝင်ရောက်ခြင်း မပြုကြရန် PNLA ပြောခွင့်ရသူ ခွန်ရိန်းယံက မဇ္ဈိမကိုပြောသည်။

ကချင်ပြည်နယ် မိုးမောက်မြို့နယ်ရှိ မိုင် ဆက်ကောင်စစ်ကောင်စီတပ်စခန်းကို ကချင် လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့နံနက်တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း စစ်ရေး သတင်းရင်းမြစ်အချို့က အသိပေးသည်။

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ KNU တပ်မဟာ ၅ နယ်မြေတွင် မတ်လ အတွင်း တိုက်ပွဲကြီး ငယ်ပေါင်း ၉၉ ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ဗိုလ်ကြီးအဆင့်ရှိသူ ၂ ဦးအပါအဝင် ၄၂ ဦး သေ ဆုံးခဲ့ကြောင်း KNU တပ်မဟာ ၅ က တရားဝင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ

ရွှေ​ဈေးသမိုင်းတစ်​လျှောက်စံချိန်တင် မြင့်တက်လာချိန်တွင် စစ်​ကောင်စီက ရန်ကုန် နှင့် မန္တလေး မြို့ရှိ ရွှေဆိုင် ၇ဆိုင်ကို သတ်မှတ်​ချက်များမလိုက်နာဟုဆိုကာ လုပ်ငန်းယာယီရပ်နား​စေပြီး အရေးယူလိုက်ကြောင်းထုတ်ပြန်သည်။

နေပြည်တော်က ဟိုတယ်တစ်ခုတွင် အဝေးထိန်းစနစ်ဖြင့် မောင်းနှင်နိုင်အောင် တီထွင်ထားသည့် ကားတစ်စီးကို တွေ့ရှိခဲ့ကြောင်း စစ်ကောင်စီ ရဲမှတ်တမ်းများအရ သိရသည်။

ရန်ကုန်တိုင်းတွင် ဗဟိုမဏ္ဍပ်အပါအဝင် ရေကစားမဏ္ဍပ်ပေါင်း ၂၀၀ကျော်ဖြင့် ကျင်းပသွားရန် စီစဉ်နေကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ယနေ့ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအတွက် Online Trading Platform မှတစ်ဆင့် အမေရိကန် ဒေါ်လာ ၃ သန်း၊ တရုတ်ယွမ် ၂ သန်းနှင့် ထိုင်းဘတ်သန်း ၄၀ ရောင်းချပေးမည်ဟုစစ်ကောင်စီ ဗဟိုဘဏ်က ထုတ်ပြန်သည်။

ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး ရပ်/ကျေးအဆင့်တာဝန်ရှိတွေကို ကြပ်မတ်မည်ဖြစ်ကြောင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း က ပြောဆိုသည်။

ကချင်ပြည်နယ်၊ မိုးညှင်းမြို့မှာ ထိန်းချုပ်ဓါတုပစ္စည်း အမိုနီယမ် နိုက်ထရိတ် ၃၆ ဒသမ ၈၂တန် ဖမ်းမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

စစ်ကောင်စီ၏ ကာကွယ်ရေးဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်း လောက်ကိုင်အခြေစိုက် ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့် ဆက်စပ်ခဲ့ကြောင်း တရုတ်အစိုးရက ပြောသဖြင့် နေပြည်တော်တွင် ဖမ်းဆီးစစ်ဆေးခံနေရသည်ဟု Myanmar Now သတင်းတွင် ဖော်ပြထား သည်။

ပြည်သူ့စစ်မှုထမ်းမဲပေါက်ပြီး စစ်သင်တန်းရောက်နေပြီး လေးရက်အကြာတွင် သေဆုံးခဲ့သည့် ဦးကိုကိုလတ် (ခေါ်) ကိုအမာနွတ် သည် အတက်ရောဂါကြောင့် သေဆုံးခဲ့ကြောင်း စစ်ကောင်စီ၏ ပြောဆိုချက်ကို ကိုးကား၍ ဘီဘီစီသတင်းတွင် ဖော်ပြထားသည်။

ကချင်ပြည်နယ်၊မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဇော်ထွေး နှင့် ၎င်း၏ကွပ်ကဲမှုအောက်က ဗိုလ်မှူးချုပ်နှစ်ဦး နေပြည်တော်၌ အစစ်ဆေးခံ နေရကြောင်း သတင်းရင်းမြစ်များကို ကိုးကား၍ ဘီဘီစီတွင် ဖော်ပြထားသည်။

ဧပြီ ၃ သုံးသပ်ချက်

စစ်မှုထမ်းဥပဒေအကြောင်းပြပြီး ရပ်ကျေးအဆင့်များတွင် လုပ်ချင်သလိုလုပ်နေသကဲ့သို့ အထက်ပိုင်းတွင်လည်း ခြိမ်းခြောက်ကာ ပြည်သူများဆီမှ ငွေညှစ်မှုများစွာဖြစ်ပေါ်နေပြီး ဥပဒေသည် စာအုပ်ထဲတွင်သာရှိကာ လက်တွေ့တွင် ၎င်းတို့ပါးစပ်ကထွက် သမျှ ဥပဒေဖြစ်နေသည်။