အမ်းမြို့က တောဟိန်းတောင်ဗျူဟာနှင့် ဘူးသီးတောင်က တပ်ရင်းဌာနချုပ်တို့ကို အဓိက ပစ်မှတ်အဖြစ် AA ထိုးစစ်ဆင်

၀၀၂၊ မဇ္ဈိမ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်က တောဟိန်းတောင် ဗျူဟာနှင့် ဘူးသီးတောင်က တပ်ရင်းဌာနချုပ်ကို အဓိက ပစ်မှတ်အဖြစ် ယခုရက်ပိုင်းအတွင်း ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ရက္ခိုင့်တပ်တော် (AA) က မတ်လ ၄ ရက်နေ့တွင် ထုတ်ပြန်သည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) တည်ရှိရာ အမ်းမြို့နယ်က စကခ (၅) လက်အောက်ခံ တောဟိန်းတောာင် ဗျူဟာ အပါအဝင် ယင်းပတ်ဝန်းကျင်ရှိ တပ်စခန်းများကို ရက္ခိုင့်တပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်သည်။

အမ်းမြို့နှင့် မကွေးတိုင်းတို့ကို ချိတ်ဆက်ထားသော အမ်း- ပဒါန်းကားလမ်းကို ဧပြီလ ၂ ရက်နေ့မှ စတင်ကာ ရက်အကန့်အသတ်မရှိ ပိတ်ထားကြောင်း ဧပြီလ ၂ ရက်နေ့တွင် ရက္ခိုင့်ပတ်တော် (AA) က အရေးပေါ် ကြေညာပြီးနောက် ထိုးစစ်ဆင် တိုက်ခိုက်မှု စတင်လာခြင်း ဖြစ်သည်။

ဒါးလက်မြစ်ကို ဖြတ်ထိုးထားသော ကဇူးကိုင်းဒေလီတံတားအနီးရှိ တောဟိန်းတောာင် ဗျူဟာသည် အမ်းမြို့ပေါ်နှင့် မိုင် ၃၀ ခန့် ကွာဝေးပြီး ယခုရက်ပိုင်းအတွင်း AA ၏ အဓိက ထိုးစစ်ဆင်နေသည့် ပစ်မှတ်များအနက် တခုဖြစ်သည်။

ထိုဗျူဟာကနေ ရခိုင်တိုက်ပွဲအတွင်း လက်နက်ကြီး ပစ်ကူပေးမှုကြောင့် အနီးအနားရှိ မြေပုံမြို့နယ်က အရပ်သားများ မကြာခဏ ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

တောဟိန်းတောင်ဗျူဟာ အပါအဝင် ရခိုင်ရှိ ဗျူဟာကုန်းများနှင့် တပ်စခန်းများအားလုံးကို ဗဟိုကွပ်ကဲမှုလုပ်သည့် နပခတိုင်းစစ်ဌာနချုပ်ကိုလည်း လက်နက်ချအညံ့ခံရန် မကြာသေးမီ ရက်ပိုင်းတွင် AA က ကမ်းလှမ်းထားသည်။

တောဟိန်းတောင် ဗျူဟာအပြင် ဘူးသီတောင်အခြေစိုက် စကခ(၁၅) လက်အောက်ခံ ခမရ (၅၆၄) တပ်ရင်းဌာနချုပ်နှင့် ကြိမ်ချောင်း နယ်ခြားစောင့် စခန်းတို့ကိုလည်း ရက္ခိုင့်တပ်တော် (AA) မှ အဓိက ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

ခမရ (၅၆၄) တပ်ရင်းဌာနချုပ်စခန်းအား ဧပြီလ ၁ ရက်နေ့တွင် ရက္ခိုင့်တပ်တော် (AA) က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထို ခမရ (၅၆၄)နှင့် သုံးမိုင်ခန့်အကွာက ခမရ (၅၅၂) တပ်ရင်းကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ရက္ခိုင့်တပ်တော် (AA) က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ထားသည်။

ထို့ပြင် ရခိုင်- ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောမြို့နယ်က ကြိမ်ချောင်း စခန်းကိုလည်း AA က ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေသောကြောင့် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေသည်။

နိုင်ဝင်ဘာလ ၁၃ ရက်နေ့က စတင်ခဲ့သော ထိုးစစ်အတွင်း အဓိက အရေးပါသော မြို့ကိုးမြို့ကို ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက်ပြီး ထိန်းချုပ်ထားသည်။

ထိန်းချုပ်ထားရာ မြို့များအနက် တခုဖြစ်သည့် မြေပုံမြို့နယ်က စညှင်းကျေးရွာ အရှေ့ဘက် မီတာ ၁,၅၀၀ ခန့်အကွာရှိ စစ်ကောင်စီတပ်၏ ပွိုင့်(၂၅၇)စခန်းကိုလည်း ဧပြီလ ၂ ရက်နေ့မှစတင်ကာ AA က ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

ယင်းစခန်းသည် စစ်ကောင်စီတပ်၏ ရှေ့တန်းအမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်အောက်တွင်ရှိသော နည်းဗျူဟာ အမှတ် (၃) စခန်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းမှ ခုခံကာကွယ်နေကာ AA ဘက်ကလည်း ထိုးစစ်အချိန် မြှင့်နေသောကြောင့် တိုက်ပွဲများ ပြင်းထန်နေသည်။

နေ့စဉ်တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်ကမှု ရခိုင်တိုက်ပွဲများနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ပေးလေ့ မရှိပေ။

ရခိုင်ဒေသတွင်း မြို့များကို လက်လွှတ်ထားရေသော စစ်ကောာင်စီသည် စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဈေးများ၊ စစ်ဘေးရှောင်နေရာများ၊ ဘာသာရေးအဆောက်အအုံများ၊ မြို့ရွာများရှိ လူနေရပ်ကွက်များကို လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ကို နေ့စဉ်ပြုလုပ်ကာ စစ်ရာဇဝတ်မှုများကို ကျူးလွန်နေကြောင်း AA က ယနေ့ ထုတ်ပြန်ထားသည်။

မတ်လ ၃၁ ရက်နေ့နှင့် ဧပြီလ ၂ ရက်နေ့တွင် မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ရှိ မူလတန်းလွန် စာသင်ကျောင်းနှင့် လူနေရပ်ကွက်များ လေကြောင်းတိုက်ခိုက်ခံရပြီး ပြည်သူသုံးဦး သေဆုံးကာ လူနေအိမ် ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။

စာတည်း။ ။ နောင်နောင်