နေပြည်တော် စစ်ရုံးချုပ်နှင့် အေလာလေဆိပ်တို့ကို အသေခံဒရုန်းများဖြင့် တိုက်ခိုက်ဟုဆို (BREAKING NEWS)

001

(မဇ္ဈိမ)။ ။ စစ်ကောင်စီတပ် နေပြည်တော် စစ်ရုံးချုပ်နှင့် အေလာလေဆိပ်တို့ကို အသေခံဒရုန်းများဖြင့် ယနေ့ (ဧပြီ ၄ ရက်) နံနက်တွင် တပြိုင်တည်း တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ် (PDF) သတင်းရင်းမြစ်များက ပြောသည်။

” ကျနော်တို့ကာကွယ်ရေးဝန်ကြီးဌာန အထူးစစ်ဆင်ရေးဌာနဲ့ ညွှန်ကြားချက်အရ ပြုလုပ်တာဖြစ်ပြီး အသေးစိတ်ကိုတော့ MOD (အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန)က ထုတ်ပြန်မှာဖြစ်ပါတယ်ခင်ဗျာ” ဟု PDF တဦးက ပြောသည်။ တရားဝင်သတင်းဖြေကြားခွင့်မရှိသူဖြစ်သဖြင့် အမည်မဖော်ပြရန် ပြောသည်။

နံနက် ၉ နာရီဝန်းကျင်က စစ်ကောင်စီတပ်တခုလုံးကို ကွပ်ကဲနေသော စစ်ရုံးချုပ်ကို ကာမီကာဇေ (အသေခံ) ဒရုန်း ၁၆ စင်းနှင့် နေပြည်တော် အေလာလေဆိပ်ကို ဒရုန်း ၁၃ စင်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့သည်ဟုဆိုသည်။ အေလာလေဆိပ်သည် စစ်ဘက်လေယာဉ်များလည်းအသုံးပြုသည်။

အခြားသော ကာကွယ်ရေးတပ်သတင်းရင်းမြစ်တခုကတော့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နေအိမ်ကိုပါ တိုက်ခိုက်သည်ဟု ပြောသော်လည်း မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုချက်ရယူနိုင်ခြင်းမရှိပါ။

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်တွင် လုံခြုံရေးတင်းကျပ်သော်လည်း စစ်ကောင်စီ၏ တပ်စခန်းများကို ကာကွယ်ရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ယခင်ကလည်း ရှိနေခဲ့သည်။