နေပြည်တော်စစ်ရုံးချုပ်နှင့် အေလာလေတပ်ကို ဒရုန်းများဖြင့်တိုက်ခိုက်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာန အတည်ပြု

ရွှေနွယ်နှင့် ဂျူချန်း

နေပြည်တော်ရှိ စစ်ကောင်စီ၏ စစ်ရုံးချုပ်နှင့် အေလာလေတပ်တို့ကို ယနေ့ နံနက်တွင် ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်းနှင့် ထိခိုက်မှုများရှိသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာန (MOD) က အတည်ပြုထုတ်ပြန်သည်။

“အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီ၏ စစ်ရုံးချုပ်(ကက-ကြည်း) တည်ရှိရာ နေပြည်တော်နှင့် အေလာလေတပ်များကို ဒရုန်းများဖြင့် တပြိုင်နက် တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုများ ရှိကြောင်း ကနဦး သတင်းရရှိသည်။” ဟု မွန်းလွဲပိုင်းတွင် ထုတ်ပြန်သော MOD ၏ ကြေညာချက်တွင်ပါရှိသည်။

တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အထူးတပ်ဖွဲ့များနှင့် ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့၏ Kloud Drone တပ်ခွဲ၊ နည်းပညာတပ်ဖွဲ့၏ Lethal Prop Weapon တပ်ခွဲများက လုပ်ဆောင်ခြင်းဖြစ်သည်ဟုလည်း ကြေညာချက်တွင်ဖော်ပြထားသည်။

“နံပတ်တစ် မှန်ပါတယ်။ နံပတ်နှစ်က ပစ်မှတ်တွေကိုထိတယ်လို့သိရပါတယ်။ ” ဟု NUG-MOD ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက မဇ္ဈိမသို့ပြောသည်။

နေပြည်တော်ရှိ NPT−PDF တပ်ဖွဲ့ဝင်တဦးက “ဂျန်ဘာ(ဆက်သွယ်ရေးလိုင်းဖြတ်တောက်သည့်စနစ်) ကို နည်းပညာနဲ့ကျော်လို့ ရအောင်လုပ်ထားတဲ့ အထူးဒရုန်းတွေပါဗျ။ အထိအခိုက်​တော်​တော်များပါတယ်။ ​ရွှေပတ်​တွေအများကြီးထိတယ်လို့သိရတယ်” ဟု မဇ္ဈိမကိုပြောသည်။ ရွှေပတ်ဆိုသည်မှာ စစ်ကောင်စီတပ် အကြီးတန်းအရာရှိများကို ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။

နေပြည်တော် စစ်ကောင်စီနှင့်နီးစပ်သော သတင်းရင်းမြစ်တခုကလည်း ယနေ့နံနက်တိုက်ခိုက်မှုတွင် အေလာလေဆိပ်ပြေးလမ်းပျက်စီးမှုရှိခဲ့သော်လည်း လူထိခိုက်မှုနှင့်ပတ်သက်၍ ကြားသိရခြင်းမရှိသေးဟု ဆိုသည်။ စစ်လော်ဘီများက တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး “ပုံကြီးချဲ့” ရေးသားနေကြသည်ဟု ဆိုသော်လည်း အသေးစိတ်ပြောဆိုခြင်းမရှိသလို စစ်ကောင်စီကလည်း တစုံတရာ ထုတ်ပြန်ခြင်းမရှိသေးပါ။

တိုက်ခိုက်မှုတွင် ကာမီကာဇေဒရုန်းဟုခေါ်သည့် (အသေခံဒရုန်း) အမျိုးအစားများစွာကို အသုံးပြုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ ထိုဒရုန်းအမျိုးအစားများသည် ပစ်မှတ်ကို ကြိုတင်လမ်းကြောင်းထည့်သွင်း၍ စနစ်ဖြစ်သည်ဟု သူက ရှင်းပြသည်။

သီးခြားစုံစမ်းချက်တခုတွင် နံနက် ၉ နာရီဝန်းကျင်က နေပြည်တော်တိုက်ခိုက်မှုတွင် ​ဇေယျာသီရိမြို့နယ်အတွင်းရှိပြီး ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်အနီးရှိ စစ်ရုံးချုပ်ကို ဒရုန်း ၁၆ စင်းဖြင့်လည်းကောင်း၊ လယ်ဝေးရှိ အေလာလေတပ်ကို ဒရုန်း ၁၃ စင်းဖြင့်လည်းကောင်း ဗုံးချတိုက်ခိုက်ခဲ့သည်ဟု PDF သတင်းရင်းမြစ်ကဆိုသည်။

“ဂျန်မာက တော့ သူတို့ အမြဲ မဖွင့်ထားတာမျိုးလည်းဖြစ်နိုင်တယ်ဗျ။ မမိတော့ တစီးမှ ပျက်မကျတော့” ဟု သူက ပြောသည်။

နေပြည်တော် စစ်ရုံးချုပ်ဝင်းသည် မြို့ငယ်လေးတခုလိုပင် ကျယ်ဝန်းပြီး အဆောက်အဦများစွာပါဝင်သည်။ ပျက်စီးဆုံးရှုံးမှုများနှင့်ပတ်သက်၍ မဇ္ဈိမက ဆက်လက်စုံစမ်းလျက်ရှိသည်။