ကရင်ပြည်နယ် မြို့နယ်အများစု တိုက်ခိုက်ခံနေရချိန် မြို့တော်ဘားအံကို စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်

ပုံအညွှန်း- သထုံ- ဘားအံလမ်းပေါ်၊ ခမရ (၂၀၄) အနီးရှိ မိုင်းသတိပေးစာတခုအား တွေ့ရစဉ်

ပုံအညွှန်း- သထုံ- ဘားအံလမ်းပေါ်၊ ခမရ (၂၀၄) အနီးရှိ မိုင်းသတိပေးစာတခုအား တွေ့ရစဉ်

YT

မဇ္ဈိမ။ ။ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်အများစုတွင် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်ခြင်းခံနေရသည့် စစ်ကောင်စီတပ်သည် ကရင်ပြည်နယ်၏မြို့တော် ဘားအံကို လုံခြုံရေးတိုး မြှင့်ရန် လုပ်ဆောင်နေကြောင်း ဒေသခံများနှင့် ခရီးသွားများထံက သိရသည်။

ဘားအံမြို့နယ်သို့ အလွယ်တကူ သွားလာနိုင်သည့် ဖာပွန်၊ ကော့ကရိတ်၊ မြဝတီစသည့် ကရင်ပြည်နယ် အတွင်းမှမြို့နယ်များရှိ စစ်ကောင်စီအထိုင်ချ တပ်ရင်းများ၊ နှစ်ရှည်အထိုင်ချ တပ်စခန်းများသည် ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကို ခံနေရသည်။

အဆိုပါမြို့နယ်များရှိ တပ်စခန်းများ တိုက်ခိုက်ခံနေရချိန်တွင် စစ်ကောင်စီက မြို့တော် ဘားအံမြို့နယ် တဝိုက်၌ လုံခြုံရေးတိုးမြှင့်ခြင်း၊ စစ်ဆေးရေးဂိတ်များ ထပ်မံတိုးချဲ့ခြင်းနှင့် စစ်ကောင်စီတပ်ရင်း တဝိုက်၊ ကားလမ်းဘေးများနှင့် လမ်းဆုံများတွင် မိုင်းထောင်ခြင်းများပြုလုပ်လာကြောင်း ဒေသခံများထံက သိရ သည်။

လက်ရှိတွင် ရန်ကုန်-သထုံ- ဘားအံလမ်းပေါ်ရှိ မြိုင်ကလေးကျေးရွာ၊ ဆယ်မိုင်ကုန်းတွင် စစ်ကောင်စီက စစ်ဆေးရေးဂိတ်အသစ်တခုပြုလုပ်ရန် ဘန်ကာများဆောက်လုပ်နေပြီး ဒုံသမိတံတားဂိတ်၊ မြိုင်ကလေးရှိ ခမရ (၂၀၄)၊ (၂၀၅)၊ မြိုင်ကလေး-ဖာပွန်လမ်းဆုံ၊ သံလွင်တံတား(ဘားအံ)တို့တွင် စစ်ကောင်စီက ဘန်ကာ အသစ်များတိုးချဲ့နေကာ အင်အားတိုးမြှင့်ချထားကြောင်း ခရီးသွားများထံက သိရသည်။

“ဆယ်မိုင်ကုန်းမှာ ဘိလပ်မြေတွေ၊ သဲတွေနဲ့ ဘန်ကာတွေ ဆောက်နေတာ အောက်ခြေပဲ ပြီးသေးတယ်။ ကားလမ်းဟိုဘက်ရော ဒီဘက်ရော စုစုပေါင်းခြောက်လုံး။ ပြီးတော့ ဒူးရင်းဆိပ်တံတားနဲ့ မြိုင်ကလေး စစ်တပ်ဝင်းကပ်ရပ်မှာလည်း ဘန်ကာမျှော်စင် အမြင့်တွေ ဆောက်ထားတယ်။ ပြီးတော့ ဖာပွန်ဘက်သွား တဲ့လမ်းဆုံမှာဆိုရင် အရင်က ရဲတွေ၊ စစ်သားတွေမရှိဘူး။ အခုအုပ်စုလိုက် ဟိုဘက် ဒီဘက် အသွားအလာ တွေ စစ်နေတယ်။ ကြောက်နေပြီ နေမှာပေါ့” ဟု အငှားယာဉ်မောင်းတဦးက မဇ္ဈိမကိုပြောသည်။

အလားတူ ခြေမြန်တပ်ရင်း ခမရ (၂၀၄)၊ (၂၀၅)၊ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းတို့၏ အနီးတဝိုက်၊ သထုံ- ဘားအံလမ်းဘေးတလျှောက်တွင် စစ်ကောင်စီက မိုင်းထောင်ထားကြောင်း ဒေသခံက ဆိုသည်။

“ကျွန်မတွေ့တာ သထုံ- ဘားအံ လမ်းတလျှောက်ပေါ့၊ လမ်းဘေးတွေမှာ သတိ မိုင်းရှိသည် ဆိုတဲ့ ဆိုင်း ဘုတ်တွေအများကြီးပဲ။ ဘယ်လိုနေရာတွေမှာ ကပ်ထားတာလည်းဆိုတော့ တံတားတွေ၊ ခြုံတွေ အဲ့ဒီလို တွေမှာ သံဆူးကြိုးတွေ ကာထားတယ် အဲ့ဒီသံဆူးကြိုးတွေပေါ်မှာ စာကပ်ထားတာ။ အရင်က မတွေ့ဘူး လေ သူတို့ ဝင်တိုက်ခံရမှာစိုးလို့ မိုင်းတွေထောင်ထားတာ ဖြစ်မှာပေါ့” ဟု ဘားအံဒေသခံ အမျိုးသမီးတဦး က ပြောသည်။

ဘားအံမြို့ပြင်၌သာမက ဘားအံမြို့မရဲစခန်းရှေ့၊ တပ်မ(၂၂)ရှေ့နှင့် တောင်ကလေး ခမရ (၂၀၂) တပ်ရင်း အရှေ့၊ ကမ်းနားလမ်းတို့တွင်လည်း နံနက်ပိုင်းသာမက ညပိုင်းတွင်ပါ စစ်ကောင်စီနှင့် ရဲများက လမ်းသွား လမ်းလာများကို စစ်ဆေးမှုများ ပိုမိုပြုလုပ်လာပြီး လမ်းများအတွင်း လှည့်လည်မှုများလည်း ရှိနေကြောင်း သိရသည်။

စာတည်း။ ။စောဖေ