အမျိုးသားများ ပြည်ပထွက် အလုပ်လုပ်ခွင့် စစ်ကောင်စီပိတ်သိမ်း

ပုံအညွန်း − ဧပြီလအတွင်း ရန်ကုန်လေဆိပ်တွင်မြင်တွေ့ရသည့် ပြည်ပထွက်ခွာနေသူများ။

ပုံအညွန်း − ဧပြီလအတွင်း ရန်ကုန်လေဆိပ်တွင်မြင်တွေ့ရသည့် ပြည်ပထွက်ခွာနေသူများ။

ရွှေနွယ်၊ 001

(မဇ္ဈိမ)။ ။ အမျိုးသားများ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ခွင့်ကို စစ်ကောင်စီမှ ယာယီပိတ်ပင်လိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင်ဝန်​ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် တာဝန်ရှိသူများမှ မဇ္ဈိမကိုအတည်ပြု ပြောသည်။

ယခု စာရင်းတင်ထားပြီးသူများကိုမူ ပြည်ပသို့ ထွက်ခွာအလုပ်လုပ်ကိုင်ရန် ဆက်လက်ဆောင်ရွက်ပေးဦးမည်ဖြစ်သော်လည်း စာရင်းအသစ်တင်သူများကို လက်မခံတော့ရန် ညွှန်ကြားထားခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင်ဝန်​ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) ၏ ဒုတိယဥက္ကဋ္ဌ(၂) ဦး​ကျော်ထင်​ကျော်က မဇ္ဈိမကိုပြောသည်။ ထိုသို့ ပိတ်ပင်ရာတွင် အမျိုးသားများကိုသာ ပိတ်ပင်ခိုင်းထားခြင်းဖြစ်ကြောင်းလည်း ၎င်းကပြောသည်။

“အခုက ယောက်ျားလေး။ ယောက်ျားလေးကို ယာယီပိတ်ထားတာ၊ ကျန်တဲ့လုပ်ပြီးသားတွေကိုတော့ အကုန်လုံးလွှတ်မယ်။ ယာယီဆိုတော့ (ဘယ်အချိန်အထိဆိုတာကို) ပြောလို့မရဘူး၊ MOU ရယ်ဘာရယ်တော့ မဟုတ်ဘူး နိုင်ငံခြားသွားပြီးအလုပ်လုပ်မယ့် ယောက်ျားလေးတွေ အကုန်လုံးကို ယာယီရပ်လိုက်တာ” ဟု MOEAF ၏ ဒုဥက္ကဋ္ဌ(၂) ကပြောသည်။

ထိုသို့ ပိတ်မည်ဟု သတင်းရရှိထားသည်မှာ လေးရက်ခန့်ရှိပြီဖြစ်ကြောင်းနှင့် တရားဝင်သတင်းထုတ်ပြန်ထားခြင်းမရှိသေးသော်လည်း ထုတ်ပြန်လာမည်ဟု သိရှိထားရကြောင်း MOEAF ၏ အတွင်းရေးမှူးဖြစ်သူမှလည်းပြောသည်။

“အေဂျင်စီအားလုံးမှာ အလုပ်ခေါ်စာတင်ထားပြီးသူတွေကလွဲပြီး သူတို့ပြောပြီးနောက်ပိုင်းမှာ ထပ်တင်သူတွေကို လက်မခံတော့တာ။ တာဝန်ရှိသူတွေ(စစ်ကောင်စီ)ကနေပြောလိုက်တာ။ စာထုတ်လိမ့်မယ်” ဟု MOEAF ၏ အတွင်းရေးမှူးမှပြောသည်။ ယခု မေလမှစတင်ကာ ယာယီရပ်ဆိုင်းထားပြီဖြစ်ကြောင်းသိရသည်။

အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်၍ မေးမြန်းနိုင်ရန် စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာန၊ Safe Migration ၏ နေပြည်တော်ရုံးဖုန်းသို့ မဇ္ဈိမမှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

ယခုကဲ့သို့ စစ်ကောင်စီမှ အမျိုးသားများ ပြည်ပထွက်အလုပ်လုပ်ခွင့်ပိတ်သိမ်းချိန်သည် နိုင်ငံတဝန်း စစ်ကောင်စီထံ စစ်မှုထမ်းရန် အမျိုးသားလူငယ်များ အင်အားစုဆောင်းခံနေရသောကြောင့် လူငယ်အများအပြား ပြည်ပသို့ ထွက်ခွာနေချိန်လည်းဖြစ်သည်။

စစ်ကောင်စီ၏ ယခုလုပ်ရပ်သည် ၎င်းတို့အတွက်သာမက အခြားတိုင်းပြည်မှအစိုးရများ၊ လုပ်ငန်းရှင်များနှင့် ပြည်ပထွက်ခွာလိုသူလူငယ်များ အားလုံးအတွက် အကျိုးမရှိသည့်လုပ်ရပ်သာဖြစ်ပြီး တရားမဝင်လမ်းကြောင်းမှ လူကုန်ကူးပေးနေသူ ပွဲစားများသာ အကျိုးဖြစ်ထွန်းမည့် လုပ်ရပ်ဖြစ်သည်ဟု ထိုင်းရောက်မြန်မာလုပ်သားများအရေးဆောင်ရွက်ပေးနေသည့် လက်တွဲကူညီ AAC မှ ဒါရိုက်တာ ဦးခိုင်ကြီးက ပြောသည်။

“သူတို့ ထုတ်ပြန်တာက လုံးဝကို သုံးဦးသုံးဖက်တယောက်မှအကျိုးမရှိဘူး၊ အကျိုးရှိသွားတာက လူကုန်ကူးတဲ့သူတွေ၊ စျေးကြီးပေးပြီးခေါ်မယ်ဒါပဲ” ဟု လက်တွဲကူညီ AAC မှ ဒါရိုက်တာ ဦးခိုင်ကြီးကပြောသည်။

လက်ရှိတွင်လည်း တရားဝင်လမ်းကြောင်းမှ ထိုင်းနိုင်ငံသို့ ဝင်ရောက်လာသူများရှိသကဲ့သို့ တရားမဝင်လမ်းကြောင်းမှ လာရောက်အလုပ်လုပ်ကိုင်နေသူမှာလည်း အများအပြားပင်ရှိနေကြောင်းနှင့် တရားဝင်လမ်းကြောင်းကို စစ်ကောင်စီမှ ပိတ်ပင်လိုက်ခြင်းသည် တရားမဝင်လမ်းကြောင်းမှ ပိုမိုထွက်ခွာစေရန် ဖိအားပေးသည့်အနေအထားဖြစ်သည်ဟု ၎င်းကပြောသည်။

စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေကို ရှောင်ရှားလိုသောကြောင့် ထိုင်းနိုင်ငံသို့ထွက်ခွာရန်ပြင်ဆင်နေသည့် ရန်ကုန်မြို့မှ လူငယ်တဦးကမူ သူ့အနေဖြင့် အလုပ်အကိုင်ရှာဖွေရသည်မှာ ခက်ခဲသောကြောင့် အလည်ဗီဇာဖြင့်သာ ထွက်ခွာမည်ဖြစ်ကြောင်းနှင့် ဗီဇာရရှိရန် စောင့်ဆိုင်းနေသောကြောင့် အချိန်ကြာမြင့်နေပြီး နိုင်ငံတွင်းပိတ်မိနေမည်ကို စိုးရိမ်လျက်ရှိကြောင်းပြောသည်။

“လက်ရှိကတော့ သိတဲ့အတိုင်းပဲ အလုပ်ဆိုတာက ခုရှာ ခုရတာမျိုးမှမဟုတ်တာ၊ ရှိတဲ့အလုပ်တွေ work from home(အိမ်မှလုပ်သောအလုပ်) တွေနဲ့ပဲ အလည်ဗီဇာနဲ့ထွက်နေကြတာ။ အလုပ်သမားဗီဇာနဲ့ထွက်ဖို့က အစထဲက လွယ်တာမျိုးတော့လည်းမဟုတ်ဘူး။ ဒါမယ့် ဘာပဲပြောပြော ပိုကျပ်တည်းသွားတာမျိုးပေါ့။ နောက်ပြီး သူတို့က ဆွဲနေတာ(ဖမ်းဆီးမှု)တွေကလည်း ဆက်တိုက်ဆိုတော့ မြန်မြန်ထွက်ချင်တာပဲသိတယ်” ဟု ရန်ကုန်မြို့မှ ထိုင်းနိုင်ငံသို့ ထွက်ခွာရန် ပြင်ဆင်နေသည့် လူငယ်တဦးကပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက်နေ့က အတည်ပြုလိုက်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် နှစ်လကျော်ကြာကာလအတွင်းတွင် နိုင်ငံအတွင်းမှ လူငယ်နှင့် သက်လတ်ပိုင်းများ ပြည်ပသို့ တရားဝင်လမ်းကြောင်းသာမက တရားမဝင်လမ်းကြောင်းများမှပါ ထွက်ခွာမှုမြင့်တက်နေခြင်းဖြစ်သည်။

ထိုကဲ့သို့ လူငယ်များအလုံးအရင်း နိုင်ငံကို စွန့်ခွာနေခြင်းသည် နိုင်ငံတွင်း လုပ်သားအင်အားပြိုဆင်းမှု၊ လုပ်သားရှားပါးမှုများကြုံတွေ့လာရကာ ပြည်တွင်းစီးပွားရေးလည်ပတ်မှုကိုပါ ထိခိုက်စေသည်ဟု မတ်လအတွင်းကပင် လုပ်ငန်းရှင်များက မဇ္ဈိမကို ပြောကြားထားကြသည်။

စစ်ကောင်စီသည် လက်ရှိတွင် ပြည်သူ့စစ်မှုထမ်း အပတ်စဥ် (၁) ကို ခေါ်ယူခဲ့ပြီးဖြစ်ကာ အပတ်စဥ် (၂) အတွက် လူအင်အားစုဆောင်းနေချိန်လည်းဖြစ်သည်။

စာတည်း – သန့်ဇော်(သန်လျင်)