မြောက်ပိုင်းတိုင်း ဒကစမှူးနှင့် စကခမှူး ၂ ဦးကို အပြောင်းအလဲလုပ်

လွယ်ဂျယ်မြို့ကို ထိန်းချုပ်ထားသော KIA တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်

မဇ္ဈိမ

ကချင်ပြည်နယ်တွင် တိုက်ပွဲများ ပြင်းထန်ပြီး တပ်စခန်းအများအပြားကို လက်လွှတ်ထားရချိန် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) အောက်မှာရှိသော ဒကစမှူးနှင့် စကခမှူး နှစ်ဦးကို ရာထူးမှ ဖယ်ရှားပြီး အပြောင်းအလဲ လုပ်လိုက်ကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်သတင်းရင်းမြစ်တခုက မဇ္ဈိမကို ပြောသည်။

မပခတိုင်းမှူး ဗိုလ်မှူးချုပ်အောင်ဇော်ထွေးနှင့်အတူ နေပြည်တော်ကို ခေါ်ယူစစ်ဆေး ခံနေရသည့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(တနိုင်း)မှ ဒကစမှူး ဗိုလ်မှူးချုပ်မြတ်မင်းမိုးကို ရာထူးမှ ဖယ်ရှားပြီး ၎င်းနေရာတွင် စစ်ဗျုဟာအခြေချ (ရွှေကျင်)မှ စစ်ဗျုဟာမှူးကြီး ကျော်ဖုန်းအောင်ကို ခန့်အပ်လိုက်ကြောင်း သတင်းရင်းမြစ်က ပြောသည်။

အလားတူ ဗန်းမော်ရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ဖြစ်သော စကခ (၂၁) ၏ တပ်မှူးဗိုလ်မှူးချုပ် နေရာတွင် အလယ်ပိုင်းတိုင်းစစ် ဌာနချုပ်အောက်ရှိ စကခ (၁၇)မှ ဒုတိယ စစ်ဗျုဟာမှူးကြီး တင်မင်းလတ်ကို ခန့်အပ်လိုက်ကြောင်း သတင်းရင်းမြစ်က ဆိုသည်။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် မဟာမိတ်တို့၏ ထိုးစစ်များအောက် တပ်စခန်း အများအပြား သိမ်းပိုက်ခံနေရချိန် ယခုလဆန်းပိုင်းမှာ တိုင်းမှူး ဗိုလ်မှူးချုပ်အောင်ဇော်ထွေးနှင့်အတူ ဒကစမှူး ဗိုလ်မှူးချုပ် မြတ်မင်းမိုး၊ စကခ (၃) မိုးကောင်းမြို့အခြေစိုက် တပ်မမှူးတဦးကို စစ်ကောင်စီက နေပြည်တော်သို့ ခေါ်ယူစစ်ဆေးနေခြင်း ဖြစ်သည်။

စိန်လုံဗျူဟာကုန်းမှ KIA သိမ်းဆည်းရမိသော လက်နက်ကြီး

ယင်းနောက် မပခ တိုင်းစစ်ဌာနချုပ်အောက်ရှိ တိုင်းစစ်ဌာနချုပ် အလတ်စားနှင့် အဆင့်တူသည့် ဒေသကွပ်ကွက်မှုစစ်ဌာနချုပ် (ဒကစ) မှူး ဗိုလ်မှူးချုပ် မြတ်မင်းမိုးနေရာ အပြောင်းအလဲ ဖြစ်လာခြင်းဟု သတင်းရင်းမြစ်က ပြောသည်။

နေပြည်တော်သို့ ခေါ်ယူစစ်ဆေးခံနေရသော မပခ စစ်တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဇော်ထွေးသည် မတ်လမှာမှ ရာထိုးတိုးဖြင့် စစ်တိုင်းမှူး ခန့်အပ်ခံခဲ့ရသူ ဖြစ်သည်။

ထို့ပြင် လက်ရှိ စစ်ရေးပြင်းထန်းနေသော KIA တပ်မဟာ (၁) ပူတာအိုဒေသမှ စစ်ကောင်စီတပ်၏ ပူတာအိုစစ်ဗျုဟာအခြေချ စစ်ဗျုဟာမှူးကြီး မင်းသီဟကိုလည်း ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် စကခ (၁၃) သို့ နေရာရွေ့လိုက်ကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။

ဖေဖော်ဝါရီလ နှောင်းပိုင်းတွင် ကချင်ဒေသတွင်း တပြိုင်နက်တည်း ထိုးစစ်များကို စတင်ခဲ့သော KIA သည် လက်ရှိမှာ စစ်စခန်းပေါင်း ၆၀ ကျော်ကို သိမ်းယူထားသည်။

ထိုသို့ သိမ်းယူခံရမှုမှာ အဓိက တာဝန်ရှိသူဟုဆိုကာ ရာထူးမှ ဖယ်ရှားခံရသော စကခ (၂၁) တပ်မှူးနှင့် တပ်မ (၈၈) မှ တပ်မမှူးတို့ကို နေပြည်တော် အရန်အင်အားသို့ ပို့ဆောင်လိုက်ကြောင်း မဇ္ဈိမက စုံစမ်းသိရသည်။

ထို့ပြင် စစ်ကောင်စီခန့် ကချင်ပြည်နယ်၊ စီမံအုပ်ချုပ်ရေးကောင်စီဝင် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရသည်လည်း နေပြည်တော်သို့ ခေါ်ယူစစ်ဆေးခံနေရသည်။

KIA သည် လက်ရှိမှာ စစ်ကောင်စီတပ်၏ တပ်စခန်းပေါင်းများစွာအပြင် ပြီးခဲ့သည့် ရက်ပိုင်းမှစတင်ကာ မြန်မာ- တရုတ်နယ်စပ်က လွယ်ဂျယ် နယ်စပ်မြို့ကိုလည်း သိမ်းပိုက်ထိန်းချုပ်ထားသည်။

နိုင်ငံတဝန်း စစ်မျက်နှာဖွင့် တိုက်နေရသော စစ်ကောင်စီသည် စစ်ရှုံးနေပြီး ပြည်နယ်၏ တဝက်ခန့်ကို လက်လွှတ်ထားရသော ရခိုင်ပြည်နယ်တွင်လည်း တိုင်းစစ်ဌာနချုပ် စစ်တိုင်းမှူးနေရာကို ပြီးခဲ့သည့် ရက်ပိုင်းက အပြောင်းအလဲ လုပ်ခဲ့သည်။

စာတည်း။ ။ နောင်နောင်