ဘီးလင်းတွင် ခရီးသည်တင်ယာဉ် မိုင်းဆွဲ ပစ်ခတ်ခံရပြီး စပါယ်ယာသေဆုံး၊ ၄ ဦး ဒဏ်ရာရ

ဒဏ်ရာရ လူနာများကို သိမ်ဆိပ်ဆေးရုံသို့ ပို့ဆောင်စဉ်

YT

(မဇ္ဈိမ)။ ။ ရန်ကုန်- မော်လမြိုင် ပြေးဆွဲနေသည့် ခရီးသည်တင် Express ယာဉ်တစင်း မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် သေနတ်များဖြင့်ပါ ဝိုင်းပစ်ခတ်ခံခဲ့ရကြောင်း ဒေသတွင်း လူမှုကူညီရေးအသင်းထံက သိရသည်။

ယမန်နေ့ ဧပြီလ ၄ ရက်နေ့၊ ညပိုင်းတွင် ရန်ကုန်- မော်လမြိုင် ကားလမ်းမကြီးအတိုင်း ရန်ကုန်ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ်သည် ရွှေရောင်ပြကျေးရွာအနီးတွင် မိုင်းဆွဲခံခဲ့ရခြင်းဖြစ်ပြီး တဆက်တည်း လက်နက်ငယ် (သေနတ်) များဖြင့် ဝိုင်းဝန်းပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်။

ပစ်ခတ်ခံရသည့် ခရီးသည်တင်ယာဉ်

အဆိုပါ ခရီးသည်တင်ယာဉ်ပေါ်တွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်အပါအဝင် လူဦးရေ ၃၅ ဦးလိုက်ပါစီးနင်းခဲ့ပြီး ပစ်ခတ်ခံရမှုကြောင့် ယာဉ်နောက်လိုက် ကိုဇင်ကိုလတ်(အသက်-၂၉ နှစ်) သေဆုံးကာ ယာဉ်မောင်းအပါအဝင် အမျိုးသားသုံးဦးနှင့် အမျိုးသမီးတဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

” ကျွန်တော်တို့ သွားလုပ်ပေးတာတော့ မဟုတ်ဘူးဗျ။ ကျွန်တော်တို့နဲ့က ဝေးတယ်။ ကြားရတာတော့ မိုင်းဆွဲတယ် ပြီးမှ သေနတ်တွေပစ်ခံရတယ်ပေါ့။ စပါယ်ယာက လည်စေ့ထဲ ကျည်ဖောက်ဝင်ဒဏ်ရာနဲ့ သေတယ်။ ယာဉ်မောင်း အပါအဝင် လေးဦး ဒဏ်ရာရတယ်။ လောလောဆယ်တော့ သိမ်ဆိပ်ဆေးရုံနဲ့ သထုံဆေးရုံမှာပါ” ဟု ဒေသတွင်း လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောသည်။

ခရီးသည်တင်ယာဉ်အား မည်သည့် လက်နက်ကိုင်တပ်ဖွဲ့က မိုင်းဆွဲ ပစ်ခတ်သွားခြင်းဖြစ်သည်ကို မသိရသေးပေ။

စစ်ကောင်စီဝါဒဖြန့်ချန်နယ်များက KNU၊ PDF များ​၏ လက်ချက်ဖြစ်သည်ဟု စွပ်စွဲပြောဆိုနေသော်လည်း သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းကမူ လက်ရှိအချိန်အထိ ၎င်းထံ သတင်းရောက်လာခြင်း မရှိသေး၍ သထုံခရိုင်အတွင်းရှိ တော်လှန်ရေးအင်အားစုများက ပြုလုပ်ခဲ့ခြင်း မဟုတ်ကြောင်း ငြင်းဆိုသည်။

ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့၊ ည ၉ နာရီဝန်းကျင်ကလည်း သထုံမြို့နယ် အခြေစိုက် လူမှုကူညီရေးအသင်း​၏ လူနာတင်ယာဉ်တစီး ရန်ကုန်သို့ လူနာလွှဲရန် အသွား၊ ဘီးလင်းမြို့နယ်၊ ကမာစိုင်ရွာ၊ ကွက်သစ်အရောက်တွင် မိုင်းဆွဲခံရပြီး သေနတ်များဖြင့် ပစ်ခတ်ခံရသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

အဆိုပါ ဖြစ်စဉ်အတွင်း၌လည်း ယာဉ်မောင်းဒဏ်ရာရခဲ့ကြောင်း အကြင်နာတွဲလက်အသင်း​၏ တာဝန်ရှိသူထံက သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)