နွေဦးဘဏ် တိုကင်ရှယ်ယာရှင်များကို အမြတ်ငွေ ၁၀၀ ရာခိုင်နှုန်း ခွဲဝေပေးမည်

002

မဇ္ဈိမ။ ။ NUG လက်အောက်ခံ နွေဦးဖွံ့ဖြိုးရေးဘဏ်က တိုကင် ရှယ်ယာရှင် ပြည်သူများကို အမြတ်ငွေ ၁၀၀ ရာခိုင်နှုန်း ခွဲဝေပေးမည်ဟု ယင်းဘဏ်၏ အလုပ်အမှုဆောင်အရာရှိချုပ် ကယ်လ်ဗင်က ‌ပြောသည်။

“ဥပမာအားဖြင့် ကျွန်တော်တို့၏ Seed Round ICO ရဲ့ ၂၀၂၃ ဒီဇင်ဘာလ မှာ USD 10 ကို ရင်းနှီးမြှုပ်နှံခဲ့တဲ့ SDB တိုကင်တွေအတွက် နွေဦးဘဏ်အကောင့်ထဲကို USD 0.0283 အမြတ်ဝေစု ခွဲဝေရောက်ရှိသွားမှာဖြစ်တယ်။ အလားတူ တူညီတဲ့ အချိုးကျ ခံစားခွင့်အတိုင်း USD 10,000 လိုမျိုး ပမာဏများတဲ့ ရင်းနှီးမြှုပ်နှံမှုအတွက် အမြတ်ဝေစု USD 28.3197 ကို ရရှိသွားမှာဖြစ်ပါတယ် ”ဟု ကယ်လ်ဗင်က ‌ပြောသည်။

မတ်လ ၂၀ ရက်တွင်ပြုလုပ်သည့် ဘဏ်၏ ဒါရိုက်တာဘုတ်အဖွဲ့ အစည်းအဝေးတွင် ထိုသို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး အမြတ်ငွေများကို ဧပြီလကုန်တွင် ခွဲဝေပေး မည်ဟု ၎င်းက ဆက်ပြောသည်။

နွေဦးဖွံဖြိုးရေးဘဏ်၏ နောက်ဆုံးနှစ်ဝက်အတွင်း ဘဏ္ဍာရေးအရ ၂၀၂၃ ဇူလိုင်လ ၂၂ ရက်မှ ၂၀၂၃ ဒီဇင်ဘာလ ၃၁ ရက်အထိ ဝင်ငွေ အမေရိကန်ဒေါ်လာ ( USD ) 406,042 ရှိကာအခွန်နုတ်ပြီး အမြတ်အစွန်း USD 283,197 ကို ရရှိခဲ့သည်။

“ဒီအောင်မြင်မှု စွမ်းဆောင်ရည်ဟာ ကျွန်တော်တို့ဘဏ်ရဲ့ အသားတင်အမြတ်စွန်း 69.7% နှင့် ညီမျှတဲ့အတွက် နွေဦးဘဏ်ရဲံ ဘဏ္ဍာရေးယန္တရား ကြံ့ခိုင်မှုနဲ့ ထိရောက်စွာ လုပ်ငန်းလည်ပတ်နိုင်မှုကို သက်သေပြနိုင်သည့်အချက်ပဲ ဖြစ်ပါတယ်”ဟု ကယ်လ်ဗင်က ဆိုသည်။

နွေဦးဘဏ်ကို အသုံးပြုသူ ဦးရေ ၉၅,၀၀၀ ရှိပြီး ငွေကြေးအစုစု စီမံခန့်ခွဲမှု အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၃ သန်းအထိ ရှိသည်ဟု အလုပ်အမှု‌ဆောင် အရာရှိချုပ်က ဆိုသည်။

ထို့ပြင် နွေဦးဘဏ်တွင် အစီအစဉ်သစ်များလည်းရှိ‌နေပြီး ငွေကြေးဝန်ဆောင်မှုများကို ပေးဆောင်ကာ ဆန်းသစ်သည့် ထိပ်တန်းဘဏ္ဍာရေးဆိုင်ရာ ရပ်တည်မှုအဖြစ် ကြိုးပမ်းနေသည်ဟု ၎င်းက ‌ပြောသည်။

နွေဦးဘဏ်တွင် ငွေကြေး ၁၀ မျိုးကို နေရာဒေသမရွေး လဲလှယ်နိုင် ပြီး စာရင်းသေအပ်ငွေများ၊ ရွှေတိုကင်များကိုလည်း စုဆောင်းနိုင်သည်။
နွေဦးဖွံ့ဖြိုးရေးဘဏ်ကို ၂၀၂၃ ခုနှစ် ဇူလိုင် ၂၂ ရက်တွင် စတင်စမ်းသပ်လည်ပတ်ခဲ့ပြီး ငွေကြေး၀န်ဆောင်မှုများ ပေးနေခြင်း ဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး