ဘူးသီးတောင် ခမရ(၅၆၄)ကို AAသိမ်းပိုက်၊ စစ်‌ကောင်စီတပ်ဖွဲ့၀င် ၈၀ ကျော်သေဆုံး

002

မဇ္ဈိမ။ ။ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ ခမရ (၅၆၄)တပ်ရင်းဌာနချုပ်ကိုအပြီးသတ် သိမ်းပိုက်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်‌ကောင်စီတပ်ဖွဲ့၀င် ၈၀ ကျော် သေဆုံးခဲ့သည်ဟု ရက္ခိုင့်တပ်တော်(AA) က ဧပြီလ ၆ ရက်တွင် သတင်းထုတ်ပြန်သည်။

ခမရ (၅၆၄) တပ်ရင်းအား ဧပြီလ ၁ ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ပြီး ဧပြီလ ၅ ရက်နံနက် ၈ နာရီအချိန်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခြင်းဖြစ်သည်ဟု ဆိုသည်။

ငါးရက်ကြာ စခန်းသိမ်းတိုက်ပွဲအတွင်း ပေးဆပ်စွန့်လွှတ်ခဲ့သော အာရက္ခစစ်သည်တော်များလည်း ရှိသည်ဟု AA က ဆိုထားပြီး အရေအတွက်ကိုမူ ဖော်ပြခြင်း မရှိပေ။ စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ခဲယမ်း အ‌ မြောက်အမြားကိုလည်း သိမ်းဆည်းရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဘူးသီးတောင်အခြေစိုက် ခမရ (၅၅၂) တပ်ရင်းအား မတ်လ ၂၅ ရက် မွန်းတည့် ၁၂ နာရီတွင် ရက္ခိုင့်တပ်တော်(AA)က အပြီးသတ်သိမ်းပိုက်ခဲ့ပြီး ယင်းနေ့တွင်ပင် ဘူးသီးတောင်မြို့နယ်ရှိ တောင်ဘဇာစခန်းအား ထပ်မံသိမ်းပိုက်ရရှိခဲ့သည်။

လတ်တလောတွင် ဘူးသီးတောင်ရှိ ကျန်ရှိစခန်းများနှင့် မောင်တော၊ ကြိမ်ချောင်း စခန်းတို့ကို အပြီးသတ်သိမ်းပိုက် ရယူနိုင်ရေးအတွက် AA က ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေပြီး
ရခိုင်ဒေသတခုလုံးကို အပြီးသတ်သိမ်းပိုက် ထိန်းချုပ်နိုင်ရေးအတွက် လက်နက်ချ အညံ့မခံသေးသော စစ်ကောင်စီ၏ စစ်စခန်းများအား တခုပြီးတခု ထိုးစစ်ဆင်တိုက်ခိုက်မည်ဟု AA က ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်တွင် စစ်ရှုံးနေသည့် စစ်ကောင်စီတပ်က စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဈေးများ၊ စစ်ဘေးရှောင်နေရာများ၊ ဘာသာရေး အဆောက်အအုံများ၊ မြို့ရွာများရှိ လူနေရပ်ကွက်များကို လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ကို နေ့စဉ်ပြုလုပ်ကာ စစ်ရာဇဝတ်မှုများကို ကျူးလွန်လျက်ရှိသည်ဟု AA ကဆိုသည်။

ဧပြီလ ၄ ရက် မွန်းလွဲ၂ နာရီ ၄၇မိနစ်တွင် ကျောက်တော်မြို့အား စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နှစ်စင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁၈ နှစ်အရွယ် လူငယ်တဦးသေဆုံးခဲ့ပြီး အသက်ခြောက်နှစ်အရွယ် ကလေးငယ်တဦးအပါအဝင် ခြောက်ဦးဒဏ်ရာရရှိခဲ့သည်ဟု AA က ထုတ်ပြန်ထားသည်။

စာတည်း ။ ။ ဖူးသိမ်ကျ