ဓမ္မသရွာဘက်သို့ စစ်ကောင်စီတပ် အင်အား ဖြည့်တင်းမှုများရှိနေ၍ ဒေသခံများ စိုးရိမ်

ပုံအညွှန်း- စစ်ကောင်စီ​၏ လေကြောင်း၊ ရေကြောင်းမှ တိုက်ခိုက်မှုများကြောင့် ဒေသခံနေအိမ် မီးလောင် ပျက်စီးမှုများ (ဓါတ်ပုံ- ဂဠုန်စစ်ကြောင်း)

ပုံအညွှန်း- စစ်ကောင်စီ​၏ လေကြောင်း၊ ရေကြောင်းမှ တိုက်ခိုက်မှုများကြောင့် ဒေသခံနေအိမ် မီးလောင် ပျက်စီးမှုများ (ဓါတ်ပုံ- ဂဠုန်စစ်ကြောင်း)

YT

(မဇ္ဈိမ)။ ။မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မသနှင့် တရနာရွာ အပါအဝင် အနီးတဝိုက်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က အင်အားဖြည့်တင်းမှုများ ပြုလုပ်နေသည်ဟု ဒေသခံများနှင့် တော်လှန်ရေး သတင်းရင်းမြစ်များထံက သိရသည်။

“တရနာ၊ဓမ္မသဘက်ပေါ့ သူတို့ ကားတွေနဲ့ စစ်သားတွေ လာပို့တယ်။ ကားတွေနဲ့ ညဘက်တွေလာတာ ဘယ်လောက်ပါလဲတော့ မပြောတတ်ဘူး။ တိုက်ပွဲဖြစ်တာတော့ မရှိဘူး။ ညဘက်ဆိုရင်တော့ လက်နက်ကြီးသံတွေ ကြားရတယ်” ဟု ဓမ္မသရွာ ဒေသခံတဦးက ပြောသည်။

စစ်ကောင်စီဖွဲ့သည် မော်လမြိုင်- ခရုံဂူလမ်းမှတဆင့် ကော့စွယ်၊ တရနာ၊ သံကလောင်၊ ဓမ္မသ အစရှိသည့် တဆက်တည်းရှိရာ ကျေးရွာများသို့ စစ်အင်အားများ ဖြည့်တင်းနေကြခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ဓမ္မသရွာမှ ဂျိုင်းမြစ်တဖက်ကမ်းရှိ ကော့လမုရွာအတွင်းသို့လည်း စစ်ကောင်စီက ယမန်နေ့ (ဧပြီလ ၅ ရက်နေ့)က စစ်ကြောင်းထိုး အင်အားဖြည့်တင်းထားသဖြင့် ကော့လမုရွာမှ ဒေသခံများ ယနေ့ (ဧပြီလ ၆ ရက်နေ့)တွင် ရွာမှ ထွက်ခွာနေကြကြောင်း သိရသည်။

အဆိုပါ အင်အားဖြည့် စစ်ကောင်စီတပ်သားများသည် ညဘက်အချိန်များ၌ ကျေးရွာများရှိရာဘက်သို့ လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်လျက်ရှိနေသဖြင့် တိုက်ပွဲများ ထပ်မံဖြစ်ပွားလာမည်ကို စိုးရိမ်ရကြောင်း ဒေသခံက ဆိုသည်။

“ညဆိုတာနဲ့ ပစ်ပြီ။ လက်နက်ကြီးသံတွေ ကြားရတာပဲ။ ကြောက်တာပေါ့ တိုက်ပွဲတွေထပ်ဖြစ်ရင် လေယာဉ်ထပ်လာပစ်မယ်လေ။ အိမ်တွေ ထပ်ဆုံးရှုံးရမှာ။ အခုရက်ထဲ ဖုန်းလိုင်းကလည်း မိတချက် မမိတချက်ဖြစ်နေတယ်။ လိုင်းက လုံးဝမကောင်းတော့ဘူး” ဟု ဓမ္မသဒေသခံအမျိုးသမီးတဦးက ပြောသည်။

မတ်လ ၂၄ ရက်နေ့မှစ၍ ကော့ဘိန်းရွာရှိ ရဲစခန်းကို မွန်၊ ကရင် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ရာမှစ၍ စစ်ကောင်စီက ကော့ဘိန်းနှင့် တဆက်တည်းရှိရာ ဓမ္မသ၊ သံကလောင်၊ တရနာ စသည့်ကျေးရွာများသို့ လက်နက်ကြီး ပစ်ခတ်ခြင်း၊ လေကြောင်းမှ ဗုံးကြဲခြင်းနှင့် ဂျိုင်းမြစ်အတွင်းရှိ စစ်သင်္ဘောများမှ လက်နက်ကြီးများ ပစ်ခတ်ခြင်းပြုလုပ်နေဟု ဒေသခံကပြောသည်။

စစ်ကောင်စီ၏ လေကြောင်း၊ ရေကြောင်းမှတိုက်ခိုက်မှုများကြောင့် မတ်လ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ သုံးရက်အတွင်း ဓမ္မသရွာရှိ နေအိမ် ၄၀၀ နီးပါး မီးလောင်ကျွမ်း ပျက်စီးခဲ့ရသည်။

လက်ရှိတွင် ဓမ္မသ၊ သံကလောင်၊ ကော့ဘိန်း၊ ကော့လမု စသည့် ကျေးရွာများမှ ဒေသခံအများစု စစ်ဘေးတိမ်းရှောင်နေကြဆဲဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ အလှူရှင်များက အဆိုပါ စစ်ဘေးရှောင်များအတွက် လိုအပ်သည်များကို အကူအညီပေးလျက်ရှိကြောင်း စစ်ဘေးရှောင် အကူအညီပေးနေသူထံက သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ