အမ်းမြို့ စစ်ကောင်စီ စစ်ဌာနချုပ်အနီး ပြင်းထန်တိုက်ပွဲဖြစ်ပွား ၊ စစ်ကောင်စီက ကျေးရွာများကို လေကြောင်းမှတိုက်ခိုက်

ရခိုင်ပြည်နယ်တွင်း ကျေးရွာများကို လေကြောင်းမှတိုက်ခိုက်နေသည့် စစ်ကောင်စီ ရဟတ်ယာဥ်(ဓာတ်ပုံ- ပုံဟောင်း)

ဓါတု

(မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ်၊ အမ်းမြို့အ​ခြေစိုက် ​စစ်ကောင်စီ အ​နောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) အနီးဖြစ်ပွား​သော တိုက်ပွဲသည် ယနေ့အထိ ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်မှ အကျအဆုံးများကြောင်း ဒေသခံများထံက သိရသည်။

ယမန်နေ့ မတ်လ ၂၄ ရက်ကတည်းက ယနေ့ မတ်လ ၂၅ ရက်အထိ စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။

” စစ်​ကောင်စီက ၄၀ လောက် ကျသွားတယ်လို့ မျက်မြင်​​တွေ​ပြောလို့သိရပါတယ်။မနေ့က တိုက်ပွဲ ဖြစ်တဲ့ ပြောင်သေရွာ နဲ့ အနီးအနားတဝိုက်ရွာတွေထဲကို ဒီနေ့ မနက် ၉ နာရီ လောက် ကတည်းက အခု အထိအခု ပစ်တဲ့ ရွာတွေက AA ကို ထောက်ခံ တယ် ဆိုပြီး ရဟတ်ယာဥ် နဲ့ အငြိုးအတေး ထားပစ်တာပါ”ဟု AA နှင့် နီးစပ်သူတဦးက မဇ္စျိမကို​​ပြောသည်။

တိုက်ပွဲသည် နမခ နှင့် တမိုင်ခန့်အကွာသို့ ရောက်ရှိနေပြီ ဖြစ်သည်ဟုလည်း ၎င်းနှင့် အခြား သတင်းရင်းမြစ် တဦးကလည်း ဆိုသည်။

ထိုအချက်အလက်နှင့် နှစ်ဖက်တပ်၏ သေဆုံး ဒဏ်ရာရသူများ စာရင်းကို မဇ္ဈိမက သီးခြား အတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။

ယမန်နေ့ကနပခနှင့် သုံးမိုင်အကွာ ​ပြောင်​သေ​ကျေးရွာတွင် AA ၏ ထိုးစစ်ဆင် တိုက်ခိုက်မှု​ကြောင့် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး စစ်ကောင်စီက ပြောင်သေကျေးရွာ အနီးတဝိုက်ရှိ ကျေးရွာများကို လေကြောင်းမှ တိုက်ခိုက်နေခြင်းဖြစ်သည်။

ယင်း​ပြောင်​သေရွာနှင့်အနီးတဝိုက်ရှိအမ်း မြို့မှ တပ်တောင်သွားသည့် ကားလမ်းတစ်လျှောက် ကျေးရွာများ ဖြစ်​သော ဝရိန်ပိုင် ၊ ပန်းတုန်း ၊ လမော ၊ ဂယ်လောင်း ၊ ညောင်ချောင်း ၊ စခန်းမော် ၊ လုံးကျေးနှင့် ပြုတ်ကျွန်းကျေးရွာများကို ယ​​​နေ့ မတ်လ ၂၅ ရက် နံနက် ၉ နာရီမှစပြီးလက်ရှိအချိန်အထိ စစ်​​ကောင်စီတပ်က လေကြောင်းမှ ပစ်ခတ်​နေ​ကြောင်း​ ဒေသခံသတင်းရင်းမြစ်တဦးက​ပြောသည်။

ယနေ့ ညနေပိုင်း အချိန်ထိ လေကြောင်းတိုက်ခိုက်နေဆဲဖြစ်ပြီး လုံကျေးရွာမှ နေအိမ်သုံးလုံးမီးလောင်ပျက်စီးသွားကြောင်း သိရသည်။ ကျန်ထိခိုက်မှု အခြေအနေများကို မဇ္ဈိမက စုံစမ်းနေဆဲဖြစ်သည်။

ယင်းတိုက်ပွဲအ​ခြေအ​နေနှင့်ပတ်သက်၍ AA က တရားဝင် ထုတ်ပြန်ကြေညာထားခြင်းမရှိ​သေး​ပေ။

ပြီးခဲ့သည့်​​ဖေ​ဖော်ဝါရီလက ယခုတိုက်ပွဲဖြစ်ပွားသည့် ပြောင်သေ​ကျေးရွာ​နေ​ဒေသခံအရပ်သားများကို စစ်​ကောင်စီတပ်ဖွဲ့က ပြောင်းရွေ့ခိုင်းထားခြင်း​ကြောင့် ရွာအတွင်းအရပ်သားများမရှိ​ကြောင်းသိရသည်။

သို့​သော် ယင်း​ကျေးရွာနှင့်ထိစပ်​သော​ကျေးရွာများတွင်​နေထိုင်သူများရှိ​နေ၍ အရပ်သားများတည်ရှိရာသို့စစ်​ကောင်စီတပ်မှ​ ယမန်​နေ့ ကစ၍နှစ်ရက်ဆက်တိုက်လေ​ကြောင်းမှပစ်ခတ်​​နေခြင်းဖြစ်​ကြောင်း​ဒေသခံများကဆိုသည်။

ရခိုင်ပြည်နယ်ရှိမြို့ကိုးမြို့သိမ်းပိုက်ထားနိုင်သည့် ရက္ခိုင့်တပ်​​တော်(AA)၏ထိုးစစ်အရှိန်သည် ​အမ်းမြို့နပခအနီးသို့တိုက်ပွဲ​ဖော်​ဆောင်​နေပြီဖြစ်ရာ လက်ရှိတွင် အမ်းမြို့နယ်အပါအဝင် ဘူးသီး​တောင်၊​မောင်​​တောမြို့တို့တွင်စစ်​ရေးတင်းမာ​နေသည်။

စာတည်း။ ။အောင်ကျော်ဖြိုး