ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း မော်လမြိုင်ရောက်ရှိစဉ် ကာမီကာဇေဒရုန်းဖြင့်တိုက်ခိုက်ဟု Alpha bats အဖွဲ့ပြော

ဧပြီလ ၈ ရက်နေ့ ညနေပိုင်း Alpha bats တပ်ခွဲမှ အ​ရှေ့​တောင်တိုင်းစစ်ဌာနချုပ်သို့ တိုက်ခိုက်စဉ်။

ရွှေနွယ် ၊ ဂျူချန်း

မဇ္ဈိမ။ ။စစ်ကောင်စီ၏ ဒုတိယခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း မွန်ပြည်နယ် မော်လမြိုင်မြို့၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ)တိုင်းရုံးသို့ ရောက်ရှိနေစဉ် ကာမီကာဇေဒရုန်းနှစ်စီးဖြင့် တိုက်ခိုက် ခဲ့ကြောင်းနှင့် ရည်ရွယ်ရာပစ်မှတ်ကိုထိမှန်ကြောင်း ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့၏ Alpha bats တပ်ခွဲက မဇ္ဈိမကိုပြောသည်။

ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်အဖွဲ့သည် အရှေ့တောင်တိုင်းစစ်ဌာနချုပ်အတွင်း စစ်ဆင်ရေးကွပ်ကဲမှု အစည်းအဝေးလုပ်နေကြောင်း သတင်းရရှိသောကြောင့် ဧပြီလ ၈ ရက် ညနေ ၅ နာရီ ၁၀ မိနစ်ခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု Alpha bats တပ်ခွဲမှ တပ်ဖွဲ့ဝင်တဦးကပြောသည်။

“သတင်းကရတယ်ဗျ သူတို့အစည်းအဝေးလုပ်နေကြတာ။ အထိအခိုက်တော့ များမယ်ဗျ။ ပစ်မှတ်ကိုထိ တယ်။ ကာမီကာဇေ နှစ်စီးပါပဲ။ ပြင်းအားကတော့ ခပ်ကောင်းကောင်းပါပဲ” ဟု Alpha Bats Drone Force မှ ပြန်ကြားရေးတာဝန်ရှိသူတပ်ဖွဲ့ဝင်က ပြောသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် တိုင်းရုံးအတွင်းကျင်းပနေသော အစည်းအဝေးရပ်တန့်ခဲ့ရကာ ချက်ချင်း ရုံး ဆင်းသွားကြောင်း သတင်းရင်းမြစ်ကပြောသည်။ တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုနှင့် သေဆုံးဒဏ် ရာရမှု ရှိ၊ မရှိကိုမူ အသေးစိတ်အတည်ပြုနိုင်ရန် အတွင်းသတင်းရရှိရန် အခက်အခဲရှိနေဆဲဖြစ်သော ကြောင့် မသိရှိရသေးကြောင်း ပြောသည်။ မဇ္ဈိမအနေဖြင့်လည်း တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်မှုအခြေ အနေများကို သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

“မြို့ထဲမှာ ကင်းထောက်ဒရုန်း(စစ်ကောင်စီ၏)တွေ မြင်မိတယ်။ အပြင်မှာထွက်ထိုင်နေတုန်း ပျံတဲ့အသံ တော့ကြားနေရတယ်။ ၈ နာရီ ၄၅ နဲ့ ၉ နာရီ ဝန်းကျင်လောက် ထင်တယ်” ဟု မော်လမြိုင် မြို့ခံတဦးက ပြောသည်။

ထိုကဲ့သို့ ကင်းထောက်ပျံသန်းမှုများ ယခင်ညများက မရှိခဲ့ကြောင်းလည်း အဆိုပါ ဒေသခံကပြောသည်။ အဆိုပါ တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ စစ်ကောင်စီမှ တစုံတရာ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။ ယမန်နေ့ညပိုင်းက မော်လမြိုင်မြို့အနီးရှိ ဓမ္မဿကျေးရွာသို့ စစ်ကောင်စီက လေကြောင်းမှဗုံးကြဲ တိုက် ခိုက်ခဲ့ပြီး အဆိုပါတိုက်ခိုက်သံများကို မြို့ပေါ်မှပါကြားနေရသည့်အတွက် မော်လမြိုင်မြို့ပေါ်တွင် မငြိမ် မသက်အခြေအနေဖြစ်နေသည်ဟုလည်း အခြားဒေသခံတဦးက ပြောသည်။

ကာမီကာဇေဒရုန်းသည် တိုက်ခိုက်မည့်ပစ်မှတ်သို့ ထိုးဆင်းကာ ပေါက်ကွဲတိုက်ခိုက်ခြင်းဖြစ်ပြီး လေယာဉ် ကိုယ်ထည်ပါ လောင်ကျွမ်းသွားခြင်းဖြစ်သည်။ ကာမိကာဇေဒရုန်းဟု လူသိများသော်လည်း နည်းပညာ ပိုင်း အခေါ်အဝေါ်အရ one-way attack drone (OWA-UAV) ဖြစ်သည်ဟု စစ်ဘက်ဆိုင်ရာ လက်နက် များအကြောင်း ဖော်ပြလျက်ရှိသည့် Tatical Raptor 2.0 က ပြောသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များဘက်မှ ကာမီကာဇေဒရုန်းများကို ဧပြီလ ၄ ရက်နေ့ကပြုလုပ်ခဲ့သည့် နေပြည်တော်တိုက်ခိုက်မှုတွင် လည်း အသုံးပြုခဲ့သည်။ “DJI drone ကနေ စိုက်ပျိုးရေးဒရုန်း၊ ပြီးတော့ OWA-UAV အထိ တလှမ်းပြီးတလှမ်း တိုးတက်လာနေတာ အားရစရာဖြစ်ပါတယ်” ဟု Tatical Raptor 2.0 ကဆိုထားသည်။

ပြီးခဲ့သော ဧပြီလ ၆ ရက်နေ့ကလည်း စစ်ကောင်စီ ဒုတိယဝန်ကြီးချုပ် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် မုဒုံမြို့နယ်ရှိ မုဒုံလေဆိပ်သစ်စီမံကိန်းကို လာရောက်စစ်ဆေးစဉ် KNDO တပ်ရင်း(၆) ဒရုန်းအဖွဲ့နှင့် မုဒုံပကဖမှ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကားတစီး ပျက်စီးပြီး လေယာဉ်ပြေးလမ်းအနည်းငယ် ပျက်စီးခဲ့ကြောင်း သိရသည်။

စာတည်း။ ။စောဖေ