ကိုယ်ပိုင်ဒီဇိုင်းအသစ်ဒရုန်းများဖြင့် တိုက်ပွဲ၀င်နေပြီဟု Federal Wings အသိပေး

မဇ္ဈိမ။ ။တိုင်းရင်းသားလက်နက်ကိုင်များနှင့်အတူ စစ်ကောင်စီကို တိုက်ခိုက်နေသည့် ဒရုန်းတပ်ဖွဲ့ Federal Wings က ကိုယ်ပိုင်ဒီဇိုင်းအသစ် ဒရုန်းများဖြင့် တိုက်ပွဲဝင်နေပြီဟု အသိပေးသည်။

“ကိုယ်ပိုင်ဒီဇိုင်းသစ်ဟာ တည်ဆောက်မှုပုံစံ ရိုးရှင်းပြီး တပ်ဆင်ရမြန်ဆန်လွယ်ကူတဲ့အပြင် ပါဝင်တဲ့အစိတ်အပိုင်းတွေ နည်းပါးသွားတာကြောင့် ယခင်ကိုယ်ထည်များထက် ၂၅ရာခိုင်နှုန်းခန့် ပိုမိုပေါ့ပါးပါတယ်။ လမ်းပန်းခက်ခဲတဲ့ ဒေသတွေမှာ ကျောပိုးပြီး သယ်ဆောင်သွားလို့ရအောင် ဒီဇိုင်းထုတ်ထားပါတယ် ”ဟု Federal Wings အဖွဲ့က ‌ပြောသည်။

စစ်ကောင်စီနှင့် တိုက်ခိုက်ရသည့် အတွေ့အကြုံများ၊ ‌မြေပြင်လိုအပ်ချက်များအပေါ် အကိုက်ညီဆုံးဖြစ်သည့် ဒီဇိုင်းကိုဖန်တီးထားခြင်းဖြစ်ပြီး ယခင်က စိုက်ပျိုးရေးသုံး ဒရုန်းကိုယ်ထည်များကို မှာယူပြီး ပြုပြင်ကာ တိုက်ပွဲဝင်ခဲ့‌သည်ဟု ဒရုန်းတပ်ဖွဲ့ Federal Wings က ဆိုသည်။

စိုက်ပျိုးရေးသုံး ဒရုန်းများကို အသုံးပြုစဉ်က မလိုလားအပ်သည့် အလေးချိန်များရှိသဖြင့် ဒရုန်းတစင်း၏ စွမ်းရည်ကို အပြည့်အ၀ အသုံးမချနိုင်ခဲ့ဘဲ ယခုဒီဇိုင်းသစ်တွင် အားနည်းချက်များကို ပြင်ဆင်နိုင်ခဲ့ပြီဟု Federal Wings က ‌ပြောသည်။

တိုက်ပွဲများ ဆက်တိုက်ဝင်နေစဉ် ဒီဇိုင်းအသစ်ဒရုန်းမှာ ပျက်ကျပြီး စစ်ကောင်စီ၏ လက်၀ယ်သို့ ရောက်ရှိခဲ့သဖြင့် ပြည်သူများသို့ ချပြခဲ့ခြင်းဖြစ်သည်ဟု Federal Wings က ‌ပြောသည်။

“ကျွန်တော်တို့တွေ လိုင်းပေါ်မှာ ကာလအတန်ကြာ ငြိမ်နေခဲ့ကြပေမဲ့ နောက်ကွယ်မှာတော့ အလုပ်တွေဆက်တိုက် လုပ်နေခဲ့ကြပါတယ်။ပွဲတွေဆက်တိုက်ကရတဲ့အတွက် ဒီဇိုင်းအသစ်ဒရုန်းတစင်း ပျက်ကျပြီး စစ်‌ကောင်စီလက်ထဲ ‌ရောက်ရှိပြီးဖြစ်တာကြောင့် လျှို့ဝှက်အဆင့်အတန်းကနေ လျှော့ချပြီး သတင်းထုတ်ပြန်ခြင်းဖြစ်ပါတယ် ”ဟု Federal Wings က ‌ပြောသည်။

Federal Wings ဒရုန်းတပ်ဖွဲ့မှာ နွေဦးတော်လှန်ရေးတွင် အစောဆုံးဖွဲ့စည်းခဲ့သည့် ဒရုန်းတပ်ဖွဲ့ဖြစ်ပြီး ပြည်ပမှ ပြန်လာကာ တော်လှန်ရေးတွင် ပါ၀င်နေသည့် လူငယ်များဖြင့် ဦးဆောင်ဖွဲ့စည်းထားခြင်း ဖြစ်သည်။

စာတည်း ။ ။ ဖူးသိမ်ကျ