နိုင်ငံရေးအကျဉ်းသား သမီးဖြစ်သူကို ထောင်ဝင်စာတွေ့ပြီးအပြန် မိခင်ဖြစ်သူသေဆုံး

ဓါတ်ပုံအညွန်း -- မပန်းအိခင်၏မိခင်ဒေါ် ကြည်ညွန့်(ဓါတ်ပုံ - နိုင်ငံရေးအကျဉ်းသူများအဖွဲ့)

ဓါတ်ပုံအညွန်း — မပန်းအိခင်၏မိခင်ဒေါ် ကြည်ညွန့်(ဓါတ်ပုံ – နိုင်ငံရေးအကျဉ်းသူများအဖွဲ့)

MTO

(မဇ္ဈိမ)။ ။ စစ်ကောင်စီက ဖမ်းဆီးအကျဉ်းချထားသည့် နိုင်ငံရေးအကျဉ်းသား မပန်းအိခင်၏မိခင်ဖြစ်သူ ဒေါ်ကြည်ညွန့် (အသက် ၆၇နှစ်)သည် ဧပြီလ ၈ ရက်နေ့က သာယာ၀တီထောင်ရှိ သမီးဖြစ်သူကို ထောင်ဝင်စာတွေ့ပြီးအပြန် ရုတ်တရက်လဲကျသေဆုံးသွားကြောင်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့ထံမှ သိရသည်။

“ရန်ကုန်ကနေ သာယာဝတီထောင်ကို သမီးဖြစ်သူအတွက် ပါဆယ်ပို့ပြီး အပြန် ကားပေါ်အတက် ဦးနှောက်သွေးကြောပြတ်ပြီး သေဆုံးပါတယ်” ဟု နိုင်ငံရေးအကျဉ်းသူများအဖွဲ့ တာဝန်ခံ မဇူးဇူးမေယွန်းက ပြောသည်။

သေဆုံးသူမှာ မည်သည့်ရောဂါမှ ကြီးကြီးမားမားဖြစ်ပွားနေခြင်းမရှိဘဲ ရာသီဥတုအပူချိန်မြင့်တက်မှုကြောင့် ရုတ်တရက်လဲကျသေဆုံးခြင်းဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ အကျဥ်းထောင်များတွင် ထောင်ဝင်စာပေးပို့မှုနှင့် ပတ်သက်သည့် ကန့်သတ်ချက်များကြောင့် အသက်အရွယ်ကြီးရင့်သူ မိဘများကိုယ်တိုင် ထောင်ဝင်စာပို့ ဆောင်နေရသည့်အတွက် ယခုကဲ့သို့ လူသေဆုံးသည်အထိ ဖြစ်သွားရခြင်းဖြစ် ကြောင်း မဇူးဇူးမေယွန်းက ဆိုသည်။

“ ထောင်ဝင်စာပို့မယ်ဆိုရင် သန်းခေါင်စာရင်းပါမှ မှတ်ပုံတင်ပါမှတို့၊ ပြီးတဲ့အခါကျရင် တခြားတစိမ်းတွေကို ပို့ခွင့်မပေးတဲ့ အခါကျတော့ အသက် ၆၇ နှစ်အရွယ် မိခင်တယောက် အနေနဲ့ ထောင်ဝင်စာ ပို့ဆောင်ချိန်မှာ အခုလိုမျိုးဖြစ်သွားတာ” ဟု ၎င်းက ပြောသည်။

ယင်းအပြင် နိုင်ငံရေးအကျဉ်းသားများကို ဝေးလံသည့်ထောင်များသို့ ပြောင်းရွှေ့မှုများသည်လည်း ကျန်မိသားစုဝင်များအတွက် အဆက်အသွယ်ရရန်ခက်ခဲခြင်း ၊ ထောင်ဝင်စာပို့ဆောင်ရန် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့ထံမှ သိရသည်။

မပန်းအိခင်၏မိခင် သေဆုံးသွားသည့်အတွက် နိုင်ငံရေးအကျဉ်းသူများအဖွဲ့ အနေဖြင့် ၎င်းလွတ်မြောက်လာသည်အထိ ပံ့ပိုးသွားနိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဖွဲ့တာဝန်ခံက ဆိုသည်။

သေဆုံးသူကို သာယာ၀တီဆေးရုံသို့ ပို့ဆောင်ခဲ့ပြီးနောက် ဆေးရုံး၏ခွင်ပြုချက်ဖြင့် သာယာ၀တီမြို့မှာပင် ဧပြီလ ၉ ရက်နေ့၌ သဂြိုဟ်မြေမြုပ်ခဲ့ ကြောင်း မဇူးဇူးမေယွန်းက ပြောသည်။

မပန်းအိခင်သည် စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မတ်လတွင် ပထမအကြိမ် ဖမ်းဆီးခံရပြီးနောက် အောက်တိုဘာလတွင် လွတ်ငြိမ်းဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သော်လည်း ၂၀၂၂ ခုနှစ်တွင် ဒုတိယအကြိမ် ဖမ်းဆီးခံရပြီနောက် ပုဒ်မ ၅၀၅-က နှင့် ထောင်ဒဏ် သုံးနှစ်ချမှတ်ခံထားရသူလည်း ဖြစ်သည်။

စာတည်း – သန့်ဇော်(သန်လျင်)