တပ်စခန်း တိုက်ခိုက်ခံရပြီးနောက် မွေးကင်းစ ကလေးငယ်အပါအဝင် လူ ၅၀ ဝန်းကျင်ကို ဖမ်းဆီး

တပ်စခန်း တိုက်ခိုက်ခံရပြီးနောက် မွေးကင်းစ ကလေးငယ်အပါအဝင် လူ ၅၀ ဝန်းကျင်ကို ဖမ်းဆီး

ကိုရွှေမြိတ် (မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်တွင် တပ်စခန်းတခုတိုက်ခိုက်ခံရပြီးနောက် မွေးကင်းစ ကလေး ငယ်အပါအဝင် လူ ၅၀ ဝန်းကျင်ကို စစ်ကောင်စီတပ်ကဖမ်းဆီးသွားကြောင်း ဒေသခံများက မဇ္ဈိမကို ပြော သည်။
မြိတ်မြို့နယ် တုံးဗျောကြီးကျေးရွာတွင် အင်အား ၂၀ ကျော်ရှိသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ အထိုင်စခန်းကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က အောက်တိုဘာလ ၂၀ ရက်နေ့တွင် တိုက်ခိုက်ခဲ့သည်။


ယင်းနောက် အောက်တိုဘာလ ၂၃ ရက်နေ့တွင် တုံးဗျောကြီးကျေးရွာမှ မွေးကင်းစကလေးငယ်များ အပါဝင် လူ ၅၀ ဝန်းကျင်ကို စစ်ကောင်စီတပ်က ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်း ဖြစ်သည်။


“လူတွေကိုဖမ်းပြီး ရွာက ဘုရားကျောင်းတခုမှာ ပိတ်လှောင်ထားပြီး အစာရေစာ ဖြတ်တောက်ထားသလို ရေပဲပေးသောက်တယ်။ နောက်ပြီး ဖုန်းလိုင်းတွေလည်း အခုချိန်အထိ ဖြတ်တောက် ခံထားရတယ်”ဟု အမည်မဖော်လိုသော ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။


မဇ္ဈိမက ကနဦးစုံစမ်းသိရှိထားချက်များအရ ဖမ်းဆီးထိန်းသိမ်းခံရသူအားလုံးကို ယနေ့အောက်တိုဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ပြန်လည်လွတ်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးထိန်းသိမ်းခံရသူများအနက် အချို့မှာ ရိုက်နှက်စစ်ဆေးခံခဲ့ရကြောင်း ပြန်လည်လွတ်မြောက်လာ သူများနှင့် နီးစပ်သူတဦးကလည်း မဇ္ဈိမကို ပြောသည်။


ယင်းသို့ ရိုက်နှက်စစ်ဆေးခံရပြီး လွတ်မြောက်လာသူများနှင့် အဆက်အသွယ်ရရှိရန် မဇ္ဈိမက ကြိုးပမ်း နေဆဲ ဖြစ်သည်။


လက်ရှိတွင် တိုက်ပွဲဖြစ်ပွားရာ တုံးဗျောကြီးကျေးရွာနှင့် အနီးတဝိုက်ကို အာဏာသိမ်း စစ်ကောင်စီက ဖုန်း လိုင်းများ ဖြတ်တောက်ထားကြောင်း ဒေသခံများက ပြောသည်။
“ကနဦး ဖမ်းဆီးခံရတာက လူ အယောက် ၃၀ ကျော်ပါ၊ အဲဒီအထဲက အချို့ဒေသခံတွေက ဖမ်းဆီး ချုပ် နှောင်ခံထားရတဲ့နေရာကို အစားအသောက်တွေသွားပေးတာ မိသားစုတွေပါ ထပ်ပြီး ဖမ်းခံရတယ်”ဟု ပြန်လည်လွတ်မြောက်လာသူနှင့် နီးစပ်သူက ပြောသည်။


အောက်တိုဘာလ ၂၀ ရက်နေ့က နှစ်နာရီကြာ ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ခြောက်ဦးရှိကာ ဒေသကာကွယ်ရေးတပ်ဘက်ကလည်း တပ်ဖွဲ့ဝင်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ ယမန်နေ့က ထုတ်ပြန်ထားသည်။


ထို့ပြင် အောက်တိုဘာလ ၂၁ ရက်နေ့ ညနေ ၄ နာရီခန့်က ငရံ့အင်းရွာဟောင်းထဲသို့ စစ်ကြောင်းထိုးဝင် ရောက်လာသော စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်တို့အကြား တိုက်ပွဲထပ်မံ ဖြစ်ပွားခဲ့သည်။
ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးသေဆုံးပြီး ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ တဦး ကျဆုံး ခဲ့ကြောင်းလည်း မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) က ထုတ်ပြန်ထားသည်။


စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ