မီးဘေးသင့်ပြည်သူများအား အပူဒဏ်ကာကွယ်ရန် ခမောက်လှူဒါန်း

(မဇ္ဈိမ)။ ။ အညာပစ်တိုင်းထောင်လေးများအဖွဲ့က ပုလဲမြို့နယ်မှ မီးဘေးသင့် ပြည်သူ ၄၅၀ ဦးကို အပူဒဏ်ကာကွယ်ရန် ခမောက်များကို ပြီးခဲ့သည့် မေလ ၁၆ ရက်ကလှူဒါန်းခဲ့ကြောင်း သိရသည်။

အဖွဲ့တာဝန်ရှိသူ တဦးက “အညာမှာ အပူချိန်က အရမ်းမြင့်တယ်ဗျ။ အရိပ်ထဲနေတာတောင်အတော်ပူတာ
မီးလောင်ပြင်တွေဆို အောက်ကမြေကြီးကပူ နေကပူနဲ့ ကျန်းမာရေးပါထိနိုင်တယ်။ နေပူထဲသွားရင် ခမောက်လေးဆောင်း စေချင်တယ်။” ဟု ပြောသည်။

ဆားလင်းကြီးမြို့နယ်မှ စစ်ရှောင်စခန်းတခုတွင်လည်း ထမင်းတနပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ထိုအလှူမှာ ၂၃၁ နပ်မြောက်ဖြစ်ကြောင်း သိရသည်။

ဆားလင်းကြီး၊ယင်းမာပင်၊ပုလဲ၊ ကနီမြို့နယ်တို့ပါဝင်သည့် ယင်းမာပင်ခရိုင်၌ စစ်ကောင်စီစစ်ကြောင်းများကြောင့် အမြဲတမ်းစစ်ဘေးရှောင်နေရသည့် ဒေသခံပြည်သူ ဦးရေ ၁၀,၀၀၀ကျော်ရှိနေကြောင်း ယင်းမာပင်ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။

စာတည်း။ ။ယဥ်ထွေး