ဂန့်ဂေါတွင် စစ်ကောင်စီတပ် ကလေးငယ်အပါ ဒေသခံ ၂ ဦးကို သတ်ဖြတ်၊ အိမ် ၃၀၀ ကျော် မီးရှို့ဖျက်ဆီး

ဓာတ်ပုံအညွှန်း။ ။ ဂန့်ဂေါ်မြို့နယ်ရွှေဘိုရွာ မီးရှို့ခံရသည့်မြင်ကွင်းအချို့ (ဓာတ်ပုံ။ ။ ကိုဘကောင်း)

ဓာတ်ပုံအညွှန်း။ ။ ဂန့်ဂေါ်မြို့နယ်ရွှေဘိုရွာ မီးရှို့ခံရသည့်မြင်ကွင်းအချို့ (ဓာတ်ပုံ။ ။ ကိုဘကောင်း)

ကိုခင်မောင်

(မဇ္ဈိမ) ။ ။ မကွေးတိုင်း၊ ဂန့်ဂေါ်မြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းက ဒေသခံနှစ်ဦးကို သတ်ဖြတ်ပြီး လူနေအိမ်ခြေ ၃၀၀ကျော်ကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများနှင့် YDF တပ်ဖွဲ့ထံက သိရသည်။

ရွှေဘိုရွာတွင် စစ်ကောင်စီက အမြင်အာရုံမကောင်း၍ အိမ်တွင်ကျန်ရှိနေသည့် ရ ဦးသာနွယ်(အသက် ၈၀ နှစ်)၏ ဦးခေါင်းကို သေနတ်ဖြင့် ပစ်သတ်သွားပြီး မီးလောင်သေဆုံးနေသည့် အသက် ကိုးနှစ်အရွယ် ကလေးငယ်၏ ရုပ်အလောင်းကိုလည်း မြင်တွေ့ရကြောင်း ဒေသခံက ဆိုသည်။

ယမန်နေ့ (မေလ၁၆ရက်) နံနက် ၁၀နာရီ ၃၀ မိနစ် အချိန်တွင် အင်အား ၂၅၀ ပါ စစ်ကောင်စီတပ်နှင့် မြောက်ခင်ရန်း ပျူစောထီး ပူးပေါင်းစစ်ကြောင်းသည် ရေသာရွာနှင့် ရွှေဘိုရွာသို့ ဝင်ရောက်ပြီး မီးရှို့သွားခြင်းဖြစ်သည်ဟု ယောကာကွယ်ရေးတပ်(YDF) တာဝန်ရှိသူက ပြောသည်။

“ ၁၆ရက်နေ့ မနက်ပိုင်းမှာ စစ်ကြောင်းသုံးကြောင်းနဲ့ ရွာထဲကိုဝင်လာတာ စစ်ကောင်စီတပ်နဲ့ မြောက်ခင်ရန်းပျူတွေပါတယ်လို့သိရတယ်။ အရင်ဆုံးရေသာရွာကိုရှို့တယ်။ ရေသာမှာတော့ အိမ်ခြေနည်းတယ်ပြီးတော့ ရွှေဘိုရွာကို မနေ့က တနေ့ကုန်မီးရှို့သွားတာပါ။” ဟု ၎င်းတာဝန်ရှိသူက ဆိုသည်။

ရေသာရွာတွင် လူနေအိမ် ၁၄လုံးမီးလောင်ပျက်စီးခဲ့ပြီး ရွှေဘိုရွာတွင် အိမ်ခြေ ၃၀၀ကျော် မီးလောင်သွားကြောင်း ယောဒေသခံ ကိုဘကောင်းက ပြောသည်။

အဆိုပါစစ်ကြောင်းသည် ရွှေဘိုရွာဘုန်းကြီးကျောင်းဝင်းထဲရှိ ကျောင်းဆောင်တဆောင်ကိုပါ မီးရှို့ခဲ့ပြီး ရဟန်းသံဃာခုနစ်ပါးကိုလည်း ဓားစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကာ ယနေ့ (မေလ၁၇ရက်) နံနက်ပိုင်းတွင် ထိုရဟန်းသံဃာခုနစ်ပါးကို ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ကိုဘကောင်းထံက သိရသည်။

လက်ရှိတွင် အဆိုပါစစ်ကောင်စီတပ်စစ်ကြောင်းသည် မြောက်ခင်ရန်းပျူရွာသို့ ပြန်နေပြီဖြစ်ကြောင်း YDF တပ်ဖွဲ့ထံက သိရသည်။

ရွှေဘိုရွာသည် မြောက်ခင်ရန်းရွာနှင့် အ‌နီးဆုံးရွာတရွာဖြစ်ပြီး မြောင်ခင်ရန်းရွာရှိ ပျူစောထီးများသည်
‌ရွှေဘိုရွာကို မီးရှို့နေသည်မှာ သုံးကြိမ်မြောက်ရှိခဲ့ပြီကြောင်း ဒေသခံများထံက သိရသည်။

ဓာတ်ပုံအညွှန်း။ ။ ဂန့်ဂေါ်မြို့နယ်ရွှေဘိုရွာ မီးရှို့ခံရသည့်မြင်ကွင်းအချို့ (ဓာတ်ပုံ။ ။ ကိုဘကောင်း)

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ၊ နိုဝင်ဘာလ ၇ ရက်တွင် မြောက်ခင်ရန်းတွင် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်များနှင့် ပျူစောထီးများသည် တိုက်ပွဲတခုအတွင်း ယောကာကွယ်ရေးတပ် (YDF)တပ်ဖွဲ့ဝင်နှစ်ဦးကိုဖမ်းဆီးပြီး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်မှုဖြစ်ပွားခဲ့သေးသည်။

စာတည်း။ ။ယဥ်ထွေး