နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၂၀ ဧပြီ ၂၀၂၄)

အမျိုးသားညီညွတ်ရေး အစိုးရ

ဆေးရုံဆေးခန်းများကို အကြမ်းဖက်စစ်တပ်က လေယာဉ်နှင့် ဗုံးကြဲမှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး တနှစ်ထက်တနှစ် ပိုမိုဆိုးရွားလာခဲ့ကြောင်း နိုင်ငံ၏ ၃ ပုံ ၁ ပုံလောက်ကို ဆက်သွယ်ရေးဖြတ် တောက်ထားသည့်အတွက် အသက်ကယ်ဆေးနှင့်ဆေးပစ္စည်းများ ဝယ်ယူဖြန့်ဖြူးရန် ကြိုးစား ရုန်းကန်နေရဆဲဖြစ်ကြောင်း NUG ကျန်းမာရေးဒုဝန်ကြီး ဒေါက်တာရွှေပုံကပြောသည်။

မကွေးတိုင်း၊ ပခုက္ကူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁၄) တပ်ရင်းမှ ယူနီဖောင်း ပေးအပ်တဲ့ အခမ်းအနားကို မနေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ၊ Iowa ပြည်နယ်၊ Waterloo မြို့တွင် ဧပြီ ၇ရက်က ကျင်းပပြုလုပ်သည့် (၅၆) ကြိမ်မြောက် ကယောအမျိုးသားနေ့ အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြား ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးက တက်ရောက် ဂုဏ်ပြုစကား ပြောကြားခဲ့သည်။

နေပြည်တော် ပကဖ နှင့် ပျဉ်းမနား ပကဖ တို့က ရဲဘော် ဘုန်းမြတ်ကို၊ ရဲဘော် လမင်းမောင်၊ ရဲဘော် ဘီလုံး၊ ရဲဘော် ခရေကြီး တို့ တော်လှန်ရေး အတွက် အသက်စွန့်ခဲ့ရသည့် (၁) နှစ် ပြည့် “လွမ်းဆွတ် ဦးညွှတ်ခြင်း” အခမ်းအနားကို ပြီးခဲ့သည့် ဧပြီ (၁၄)ရက်နေ့ နံနက် (၈) နာရီက ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

မန္တလေးတိုင်း ၊ မြင်းခြံမြို့ရှိစစ်ကောင်စီ၏ ခြေမြန်တပ်ရင်း (ခမရ -၁၅) ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု မြင်းခြံခရိုင်၊ အမှတ်(၂) တပ်ရင်းထံမှ သိရသည်။

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ရှိ လျှော်ဖြူကျေးရွာ၌ တပ်စွဲထား စစ်ကောင်စီတပ်ကို PDF များက ဝင်ရောက်တိုက်ခိုက်ရာ နှစ်ဘက်ထိခိုက်မှုရှိကြောင်း သတင်းရရှိသည်။

ညောင်ဦးမြို့နယ်၊ တောပြားကျေးရွာအနီး ဖဲဝိုင်းထောင်၍ လောင်ကစားလုပ်နေသော ပျူစောထီးအဖွဲ့ကို ဝင်ရောက်ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း ပုဂံပြည်ဘီလူးတပ်(ညောင်ဦးမြို့နယ်-ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တိုက်ပွဲများတကျော့ပြန်ဖြစ်ပွားနေသော မြ၀တီမြို့တွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲ၊ စက်သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူနေရပ်ကွက်များအတွင်း မီးလောင်ပေါက်ကွဲမှုများရှိခဲ့ သည်ဟု ဒေသခံများအပြောအရ သိရသည်။

ထိုင်း- မြန်မာ ချစ်ကြည်ရေးတံတား အမှတ် (၂) ၊ မြန်မာဘက်ခြမ်းတွင် တိုက်ပွဲများ ပြင်းထန်နေ၍ မြဝတီမြို့ခံများ သောင်ရင်းမြစ်ကမ်းတလျှောက် တိမ်းရှောင်နေကြကြောင်း ဒေသခံများထံက သိရသည်။

မကွေးတိုင်း၊ စလင်းမြို့နယ်တွင် စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူး(၄)ဦး တစ်ရက်တည်း တပြိုင်တည်း နှုတ်ထွက်ခဲ့ကြကြောင်း ဒေသခံများက ပြောသည်။

မကွေးတိုင်း ကမ္မနှင့် ပေါက်မြို့ကြားတွင် စစ်ကောင်စီယာဉ်တန်းအား ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးထက်မနည်းသေဆုံးခဲ့သည်။

ထိုင်း-မြန်မာနယ်စပ် မြဝတီဘက်ခြမ်းတွင် တိုက်ပွဲ ဖြစ်ပွါးနေသည့် အခြေအနေကို အနီးကပ်စောင့် ကြည့်နေကြောင်း ထိုင်းဝန်ကြီးချုပ် ဆရက်သာသာဗီဆင်က ပြောသည်။

မြဝတီမြို့ အမှတ်(၂) ထိုင်း – မြန်မာချစ်ကြည်ရေးတံတားရှိ စစ်ကောင်စီတပ်ဖွဲ့ကို ယမန်နေ့ ညကစ၍ တော်လှန်ရေးပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ရာ တစ်ညလုံးတိုက်ပွဲပြင်းထန်ပြီး ယနေ့ နေ့လယ် ၁၂နာရီခွဲအထိ ဆက်လက်တိုက်ပွဲပြင်းထန်နေသည်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ စစ်ကောင်စီတပ်များ အထိုင်ချတပ်စွဲထားသည့် နေရာ ၃ နေရာကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ကျိုက်ထို တော်လှန်ရေး အင်အားစု(KRF)က ဧပြီ ၁၉ ရက်တွင် ထုတ်ပြန်သည်။

မြန်မာအကြမ်းဖက်စစ်တပ်၏ ဖိစီးနှိပ်စက်မှု၊ ညှဉ်းပန်းမှုနှင့် စစ်မှု ထမ်း စေခိုင်းခြင်း အန္တရာယ် ကြုံနေရသည့် ထိုင်းရောက် မြန်မာနိုင်ငံသားများကို ပညာရေး သို့မဟုတ် အလုပ်ဗီဇာများ သက် တမ်း ကုန်ဆုံးပါက မြန်မာနိုင်ငံသို့ ပြန်မပို့ဘဲ နိုင်ငံရေးခိုလှုံခွင့်ပေးရန် ထိုင်းအသိပညာရှင်နှင့် အတတ် ပညာရှင် ၆၉ ဦးက က ထိုင်းအစိုးရထံသို့ အိတ်ဖွင့်ပေးစာ ပေးပို့ တောင်းဆိုလိုက်ကြသည်။

ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင်မည် ရွှေရေကြည် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဧပြီလ ၂၀ ရက်နေ့တွင် စစ်အာဏာရှင် ဖြုတ်ချရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ယင်းမာပင်မြို့နယ်တွင် ယင်းမာပင်မြောက်ခြမ်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ်စစ်ကြောင်း ဦးဆောင်ကာ ဧပြီလ ၂၀ ရက်နေ့တွင် စစ်အာဏာရှင်ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ အကျဉ်းထောင်အတွင်းသို့ စစ်သား၊ ရဲ များဝင်ရောက်ပစ်ခတ်မှု ကြောင့် နိုင်ငံရေးအကျဉ်း သား၂ ဦးအပါအဝင် ၄ ဦးသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန် ရက် – PPNM နှင့် အကျဉ်းထောင် သတင်းရင်း မြစ်များကို ကိုးကား၍ ရန်ကုန်ခေတ်သစ်သတင်းဌာနတွင် ဖော်ပြထားသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

စစ်ကောင်စီ အနေဖြင့် မူးယစ်ဆေးဝါး လုပ်ငန်းများ အပါအဝင် ရာဇဝတ်မှုမျိုးစုံ လုပ်ဆောင်နေပြီး ၎င်းတို့အနေဖြင့် ကျူးလွန်ခဲသည့် ရာဇဝတ်မှုမျိုးစုံကို မည်သည့်အချိန်မှ ဝန်ခံခဲ့ခြင်းမရှိကြောင်း ရက္ခိုင့်တပ်တော်(AA) ပြောရေးဆိုခွင့်သူ ဦးခိုင်သုခက ပြောကြားသည်။

ပြည်သူများ ထောက်ပံ့ပေးသည့် လက်နက်ခဲယမ်းများ ရောက်ရှိပြီဖြစ်ပြီး ဆက်လက်ဝိုင်းဝန်း ထောက်ပံ့ပေး ရန် မေတ္တာရပ်ခံကြောင်း PDF Zoland တပ်ဖွဲ့ က သတင်း ထုတ်ပြန်သည်။

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ခလရ ၂၇၅ တပ်မှ ထွက်ပြေးသွားသော စစ်ကောင်စီတပ်သားများ ပုန်းအောင်းနေသည့် အမှတ် ၂ ချစ်ကြည်ရေးတံတားဝင်းအတွင်းသို့ တော်လှန်ရေးတပ်များ ဝင်ရောက်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ထိုင်း-မြန်မာနယ်ခြားသောင်ရင်းမြစ်ကမ်းဘေးတွင် အစုလိုက် အပြုံလိုက် ထွက်ပြေးနေကြောင်း KNLA စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

စစ်ကောင်စီ

ရခိုင်ပြည်နယ်၊ ​မြေပုံမြို့နယ်တွင် တိုက်ပွဲမရှိဘဲ စစ်​ကောင်စီ ရေတပ်က လက်နက်ကြီးဖြင့် ပစ်၍ စစ်​ဘေး​ရှောင်အမျိုးသမီးတဦး​ သေဆုံးသွား​ကြောင်း သိရသည်။

မြစ်ကြီးနားအကျဉ်းထောင်တွင်း လူအသေအပျောက်ရှိခဲ့သော ထောင်ဆူပူမှုကို ပစ်ခတ်နှိမ်နင်းမှု ဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်တိုးရီ မြစ်ကြီးနားသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အကျဉ်းထောင်အတွင်း ဧပြီ၁၈ ရက်က ဆူပူအကြမ်းဖက်မှု ဖြစ်ပွားပြီး အကျဉ်းသား (၄)ဦးသေဆုံးကာ အကျဉ်းသား (၈)ဦးဒဏ်ရာရရှိခဲ့ကြောင်း စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ စစ်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူနေသော အရာရှိ၊ စစ်သည်၊ မိသားစု ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာဦး နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုခဲ့ကြောင်း စစ်ကောင်စီ သတင်းတွင် ဖော်ပြထားသည်။

မြဝတီမြို့ အမှတ်(၂) ထိုင်း – မြန်မာချစ်ကြည်ရေးတံတားရှိ စစ်ကောင်စီတပ်ဖွဲ့နှင့် တော်လှန်ရေးပူး ပေါ င်းတပ်တို့ ယနေ့ ညနေပိုင်းအထိ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီက လေ ကြောင်း မှတိုက်ခိုက်မှုကြောင့် မြို့ရှိနေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ကြောင်း မြဝတီမြို့ခံများက ပြောသည်။

ဧပြီ ၂၀ သုံးသပ်ချက်

မြစ်ကြီးနားထောင်တွင် လျှော့ရက်ခံစားခွင့်ပါအတိုင်းမရရှိ၍ အကျဉ်းသားများက ဆန္ဒရာ စစ်တပ်ကထောင်တွင်းဝင်ရောက်ကာ အကျဉ်းသားကို ပစ်သတ်ခဲ့သော်လည်း စစ်ကောင်စီ ဝါဒဖြန့်မီဒီယာများက ထောင်ဆူပူအကြမ်းဖက်မှုဖြစ်ပွားပြီး ထိခိုက်သေဆုံးသည့် ပုံစံမျိုးရေး သားကာ ဝါဒဖြန့်နေသည်ကို တွေ့ရသည်။

မြဝတီမြို့ရှိ ထိုင်း မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားပတ်ဝန်းကျင်တွင် လက်နက်မချဘဲ ပုန်းအောင်းနေသည့် အကြမ်းဖက်စစ်သားများကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် ရှင်းလင်းနေပြီး စစ်ကောင်စီမှ လေကြောင်းကနေ တုံ့ပြန်နေသည်။ယင်းသို့တုံ့ပြန်ရာတွင် စစ်ကောင်စီမှ လေကြောင်းကနေ အရပ်သားပစ်မှတ်များကို ပစ်ခတ်မှုများ ပြုလုပ်နေသည်ကို တွေ့ရသည်။