လှိုင်သာယာရဲစခန်းနှင့် အင်းစိန်ကညနရုံးကို မြို့ပြပြောက်ကျားတပ်ဖွဲ့များ တိုက်ခိုက်

YT

မဇ္ဈိမ။ ။ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ၅ ထိပ်ရှိ မြို့မရဲစခန်းနှင့် အင်းစိန်မြို့နယ်ရှိ ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညနရုံး)တို့ကို မြို့ပြပြောက်ကျားတပ်ဖွဲ့များက ဖောက်ခွဲတိုက်ခိုက်ခဲ့ ကြောင်း သွားရောက်ပြုလုပ်သည့်အဖွဲ့များထံမှ သိရသည်။

ဧပြီလ ၁၆ ရက် ယမန်နေ့ ည ၇ နာရီခွဲအချိန်က လှိုင်သာယာမြို့မရဲစခန်းကို Dark Shadow အဖွဲ့မှ လက်ပစ်ဗုံးတလုံးဖြင့် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း အဖွဲ့တာဝန်ခံကပြောကြားသည်။

“အထိခိုက် ရှိနိုင်ပါတယ်၊ အတည်မပြုနိုင်တာပါ။ ဒါပေမယ့် ကျနော်တို့က မြို့ပြပြောက်ကျား UG ဆိုတော့ ရန်သူကို ခြောက်လှန့်ဖို့နဲ့ အကြောက်တရားသွင်းပြီး မြို့ပြမှာပါ တော်လှန်သူရှိတယ်ဆိုတာ သိစေချင်တာ ပါ။ သေခဲ့ရင်တော့ အမြတ်ပေါ့” ဟု Dark Shadow အဖွဲ့တာဝန်ခံ ရဲဘော်အရိပ်(ပန်ဒါ)က ဆိုသည်။

အလားတူ ယမန်နေ့ညနေ ၅ နာရီ ၂၀ မိနစ်တွင် အင်းစိန်မြို့နယ်ရှိ ကညနရုံး အနောက်အပေါက် (အင်းစိန် လမ်းဘက်အခြမ်း)ကို Together Urban Force အဖွဲ့က အဝေးထိန်းမိုင်းနှစ်လုံးဆင်၍ တိုက်ခိုက်ခဲ့ရာ တလုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ အဝေးထိန်းနှစ်လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာ တလုံးကမပေါက်ဘဲ ကျန်နေခဲ့တယ်။ ထိခိုက်မှုကိုတော့ အတည်ပြုပေးလို့ မရသေးပါဘူး။ ဆေးရုံကားအချို့တော့ ထွက်သွားတာရှိပါတယ်” ဟု Together Urban Force အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

ယမန်နေ့က ပြုလုပ်ခဲ့သည့် တိုက်ခိုက်မှုနှစ်ခုလုံး၏ နောက်ဆက်တွဲ ပျက်စီးထိခိုက်မှု အခြေအနေများကို အတည်မပြုနိုင်သေးကြောင်း သွားရောက်ပြုလုပ်ခဲ့သည့်အဖွဲ့များက ဆိုသည်။

ယနေ့ (ဧပြီလ ၁၇ ရက်) နံနက် ၈ နာရီကျော်ကလည်း ရန်ကင်း Passport ရုံးအနီးနှင့် အင်းစိန်မြို့နယ် ဖော့ကန်ဘက်တွင် ဗုံးပေါက်ကွဲသံများကြားရကြောင်း ဒေသခံများထံက သိရသည်။

စာတည်း။ ။စောဖေ