အာဏာသိမ်းပြီးနောက် ပြည်သူ ၉၀၀ ကျော်၏ ပိုင်ဆိုင်မှုများကို စစ်ကောင်စီ မတရားသိမ်းယူဟု AAPP ပြော

၂၀၂၂ ခုနှစ်အတွင်း တေးသံရှင်ချမ်းချမ်း၏ နေအိမ်ချိပ်ပိတ်ခံရစဉ်။

ရွှေနွယ်

(မဇ္ဈိမ)။ ။စစ်တပ်မှ အာဏာသိမ်းယူခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ယခု ၂၀၂၄ ခုနှစ် ဧပြီလအထိ ပြည်သူ ၉၃၄ ဦး၏ နေအိမ်ပိုင်ဆိုင်မှုများကို စစ်ကောင်စီကမတရားသဖြင့် သိမ်းယူခဲ့သည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP မှ ယနေ့ (မေလ ၁ ရက်)တွင် ထုတ်ပြန်သည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြသည့် သပိတ်အဖွဲ့ဝင်များ၊ တက်ကြွလှုပ်ရှားသူများ၊ အစိုးရအဖွဲ့ဝင် များနှင့် နိုင်ငံရေးပါတီဝင်များ၊ ပညာရေးဝန်ထမ်းများ၊ မီဒီယာကဏ္ဍ၌ ပါဝင်သူများနှင့် စီးပွားရေး လုပ်ငန်း ရှင်များ အပါအဝင် အရပ်သား ၉၃၄ ဦး၏ နေအိမ်၊ ကျောင်း၊ ဘာသာရေးဆိုင်ရာ အဆောက်အဦနှင့် စီးပွားရေးလုပ်ငန်း စုစုပေါင်း ၁,၁၅၉ ခုကို စစ်ကောင်စီမှ သိမ်းယူခဲ့ခြင်းဖြစ်သည်။

AAPP ၏ စာရင်းအချက်အလက်များအရ ပြည်သူလူထု ပိုင်ဆိုင်မှုများသိမ်းဆည်းခံရသည့်အနက် တိုင်းနှင့် ပြည်နယ် ၁၄ ခုတွင် စစ်ကိုင်းတိုင်းမှ ၂၂၄ ခုဖြင့် အများဆုံးဖြစ်သည်။ ဒုတိယအများဆုံးမှာ ရန်ကုန်တိုင်း ၁၆၉ ခုဖြစ်ပြီး၊ မန္တလေးတိုင်းမှာ ၁၅၇ ခုနှင့် တတိယအများဆုံးဖြစ်သည်။ ထို့ပြင် စစ်ကောင်စီအခြေစိုက် သည့် နေပြည်တော်နယ်မြေအတွင်း၌လည်း ပြည်သူလူထုပိုင်ဆိုင်မှု ၁၆ ခု သိမ်းယူခံခဲ့ရသည်။

သိမ်းဆည်းခံရသည့် အမျိုးအစားများတွင်မူ နေအိမ်၊ တိုက်ခန်း ၈၈၇ လုံး၊ စီးပွားရေးလုပ်ငန်း ၂၈ ခု၊ ဆေးရုံ နှင့်ဆေးခန်း ၁၁ ခု၊ တည်းခိုခန်းနှင့် ဟိုတယ် ၁၀ လုံးနှင့် စာသင်ကျောင်း ခုနစ်ကျောင်းဖြစ်သည်။

အာဏာ သိမ်းပြီးနောက် သုံးနှစ်ကျော်ကြာကာလအတွင်း ၂၀၂၂ ခုနှစ်အတွင်း၌ ပြည်သူလူထု ၆၀၀ ကျော်၏ ပိုင်ဆိုင်မှုများကိုသိမ်းယူခဲ့သောကြောင့် ထိုခုနှစ်သည်အများဆုံးဖြစ်သည်။

ထို့ပြင် ပိုင်ဆိုင်မှုသိမ်းဆည်းခံရသူများသည် ဆုံးရှုံးရသည့်အတွက် စိုးရိမ်သောကရောက်ရသည့်အပြင် ၎င်း တို့အပေါ် အကြမ်းဖက်မှုများ အချိန်မရွေးကျူးလွန်ခံလာရနိုင်သည့်အတွက် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရ သည်ဟုလည်း AAPP က ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ လူ့အခွင့်အရေးဆိုင်ရာ အချက်အလက်များကောက်ယူနေ သည့် HRDT-NLD အဖွဲ့၏ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း ထုတ်ပြန်ထားသည့် အချက်အလက်တွင်မူ ပါတီဝင် ၁၉၁ ဦးနှင့် လွှတ်တော်ကိုယ်စားလှယ် ၁၈၂ ဦး စုစုပေါင်း ၃၇၃ ဦး၏ ပိုင်ဆိုင်မှုများကို စစ်ကောင်စီ က မတရားချိပ်ပိတ်ခဲ့သည်ဟု ဖော်ပြထားသည်။

စစ်ကောင်စီသည် စစ်အာဏာသိမ်းပြီးနောက် အရပ်သားများအပေါ် ပစ်မှတ်ထားသည့် အကြမ်းဖက် တိုက်ခိုက်မှုများကို ဆိုးရွားစွာကျူးလွန်နေသည့်အပြင် အကြောက်တရားလွှမ်းခြုံနေစေရန် ရက်စက် သော နည်းလမ်းပေါင်းစုံကို အသုံးပြုနေသောကြောင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်း အနေဖြင့် မြန်မာပြည်သူများ ရင်ဆိုင်နေရသည့် ဘေးဒုက္ခဆိုးများ အမြန်ဆုံးချုပ်ငြိမ်းစေရန် စစ်အုပ်စုအား ထိရောက်စွာ အရေးယူနိုင်မည့် လုပ်ငန်းစဉ်ယန္တရားများကို တိကျပြတ်သားစွာ အကောင်အထည်ဖော် ဆောင်ရွက်ရန်တိုက်တွန်းအပ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စာတည်း။ ။စောဖေ