Racecourse ကွင်းကို ပရိသတ် ၅၅,၀၀၀ အထိ ဝင်ဆံ့ဖို့ ရက်စ်ဟမ်းအသင်းပိုင်ရှင်များ ရည်ရွယ်ထား

By PKThawn

ရက်စ်ဟမ်း (Wrexham)အသင်းပိုင်ရှင်တွေဖြစ်တဲ့ ရိုင်ယန်ရိန်းနိုးလ်နဲ့ ရော့ဘ် မက်ကယ်ဟန်နီတို့က သူတို့ရဲ့ ရေရှည်ရည်မှန်းချက်မှာ ကလပ်ရဲ့ အားကစားကွင်းကို ပရိသတ်ဝင်ဆံ့မှု ၅၅,၀၀၀ အထိ တိုးမြှင့်ရေးဖြစ်ကြောင်း ပြောပါတယ်။

၂၀၀၇ ကတည်းက အသုံးမပြုခဲ့တဲ့ ဂိုးအနောက်ဘက်ခြမ်းအတွက် အစားထိုးတဲ့အနေနဲ့ ခုံအလုံးရေ ၅,၅၀၀ ဆံ့ပွဲကြည့်စင်အသစ်ကို Racecourse ကွင်းမှာ စီစဉ်ထားပြီးဖြစ်ပါတယ်။

ဒါပေမယ့် လုပ်ငန်းစတင်ဖို့ နှောင့်နှေးကြန့်ကြာပြီးနောက် ခုံအလုံးရေ ၂,၂၈၉ လုံးကို ယာယီ အစားထိုးတပ်ဆင်ခဲ့ပါတယ်။

ရက်စ်ဟမ်အသင်းရဲ့ ဟောလီးဝုဒ်တွဲဖက်ပိုင်ရှင်တွေဟာ ကလပ်အသင်း League Two ကနေ တန်းတက်လာအပြီး ‘Welcome to Wrexham’ မှတ်တမ်းရုပ်ရှင်ရဲ့ အတွဲသုံးကို လက်ရှိမှာ ပြသနေပြီး Stok Racecourse ကွင်းအတွက် သူတို့ရဲ့ အနာဂတ်အစီအစဉ်တွေကို ဖော်ပြထားပါတယ်။

“ကျနော်တို့မှာ ပွဲကြည့်စင်တခုကနေ နောက်တခုအထိ လုပ်ဆောင်နိုင်မယ့် အစီအစဉ်တခုရှိပါတယ်၊ ဆိုတော့ နောက်ဆုံးမှာ လေးဘက်လေးတန်စလုံးကို အဆင့်မြှင့်တင်နိုင်မှာဖြစ်တယ်”လို့ မက်ကယ်ဟန်နီက အမေရိကန်ဖျော်ဖြေရေးဝဘ်ဆိုဒ် Collider ကို ပြောခဲ့ပါတယ်။

“သေချာပြောဖို့ခက်ပေမယ့် အဲဒီအထဲမှာ ပရိသတ် ၄၅-၅၅,၀၀၀ ကြားလောက်ဆံ့မယ်ထင်တယ်”

ပွဲစဉ်တွေအတွက် လက်မှတ်တွေ ဝယ်အားကောင်းမှုနဲ့အတူ “တမြို့လုံးက ပွဲစဉ်ကို ရောက်လာနိုင်တယ်”ဆိုတဲ့ အခြေအနေမှာ ရှိနေစေလိုကြောင်း ရိန်းနိုးလ်က ပြောပါတယ်။

ဂိုးနောက်ခြမ်းကြည့်စင်အသစ်ဟာ ၂၀၂၄-၂၅ ရာသီအစမှာ အဆင်သင့်ဖြစ်လိမ့်မယ်လို့ မျှော်လင့်ထားပေမယ့် ရိန်းနိုးလ်နဲ့ မက်ကယ်ဟန်နီတို့က ပရောဂျက်အတွက် နှောင့်နှေးမှုတွေကြောင့် စိတ်ပျက်နေခဲ့ကြပါတယ်။

“ဗျူရိုကရေစီရဲ့ အတားအဆီးအထူအပါးကို ကျော်လွှားဖို့က အကြီးမားဆုံး ပြဿနာလို့ ကျနော် မြင်တယ်”လို့ ရိန်းနိုးလ်က ဆိုပါတယ်။

“ကျနော် နယူးယောက်မှာနေထိုင်တယ်၊ ရော့ဘ်က အယ်လ်အေ [လော့စ်အိန်ဂျလိစ်] မှာ နေတယ်၊ ဆောက်လုပ်ရေးက အရမ်းကွာခြားတယ်၊ ခင်ဗျား သုံးစွဲတဲ့ တဒေါ်လာတိုင်းကို သူတို့က ၁၀ ဒေါ်လာ ကောက်ခံမှာပါ။”

“ဒါပေမယ့် ဝေးလ်မှာ တကယ့်ပဲ ကြိုးနီစနစ်တွေ အများကြီးရှိတယ်၊ အဲဒီအကွက်တွေအားလုံးမှာ အမှန်ခြစ်ပြီး ဒါဟာ ဗျူရိုကရက်တိုင်းက ပျော်ရွှင်ကြောင်း သေချာအောင်လုပ်တဲ့ နည်းတခုပါပဲ။”

မက်ကယ်ဟန်နီက ဒါကို သဘောတူပြီး “ကျုပ်တို့ ဗျူရိုကရေစီ အတားအဆီးတွေ ဘယ်လောက် မကြာခဏ တွေ့ကြုံရတာကို ပြသနေခြင်းက သေချာပေါက် စိတ်ပျက်စရာ အရင်းအမြစ်တခု ဖြစ်တယ်”လို့ ထပ်ပြောပါတယ်။

“ဒါ့အပြင် ဘေးကင်းရေးဆိုင်ရာ စိုးရိမ်မှုတွေနဲ့ ဒီလိုအရာတွေ၊ စည်းမျဉ်းစည်းကမ်းတွေ အားလုံးဟာ အကြောင်းပြချက်တခုအနေနဲ့ ရှိနေပါတယ်၊ ဒါပေမယ့် အဲဒီ့အခါမှာ အခက်အခဲတွေကြောင့် အတားအဆီးဖြစ်ပုံရတဲ့ တချို့အရာတွေ ရှိပါတယ်။

“ကျနော့်အတွေ့အကြုံအရ ကမ္ဘာတဝှမ်းက တခြားနေရာတွေနဲ့ ယှဉ်ရင် ယူကေမှာ ဆောက်လုပ်ရေးပရောဂျက်တွေ လုပ်ဆောင်ဖို့ အထင်းသာကြီး ပိုခက်ပါတယ်။”

(BBC)