မလေးရောက် မြန်မာများ ဖမ်းဆီးခံရမှုနှင့် ကျန်းမာရေးကိစ္စ ကူညီပေးနိုင်ရန် အစည်းအရုံးဖွဲ့စည်း

ပုံ - မြန်မာအလုပ်သမားအစည်းအရုံး (မလေးရှား)။

ပုံ – မြန်မာအလုပ်သမားအစည်းအရုံး (မလေးရှား)။

ရောင်နီ

(မဇ္စျိမ)။ ။မလေးရှားနိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရမှုနှင့် ကျန်းမာရေးကိစ္စ ကူညီပေးနိုင်ရန် မြန်မာအလုပ်သမား အစည်းအရုံး (မလေးရှား)ကို ဖွဲ့စည်းလိုက်ကြောင်း အဖွဲ့တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

မြန်မာအလုပ်သမားအစည်းအရုံး (မလေးရှား) MYANMAR WORKERS ORGANIZATION (MALAYSIA) ကို မလေးရှားနိုင်ငံတွင် ယမန်နေ့ (မေလ ၁ ရက်) အလုပ်သမားနေ့က စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

မလေးရှားနိုင်ငံသို့ နေရပ်စွန့်ခွာတိမ်းရှောင်လာကြသည့် CDM ဝန်ထမ်းများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် မြန်မာနိုင်ငံသားများ၏ အကျိုးကို ထိရောက်စွာကူညီပေးနိုင်ရန် MWO ကို ဖွဲ့စည်းရခြင်းဖြစ်ကြောင်း သိရသည်။

“ မလေးရှားရောက်နေတဲ့ အထောက်အထားမရှိတဲ့ မြန်မာနိုင်ငံသားတွေကို အထောက်အထားတခုခုရရှိအောင် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ အဖွဲ့အစည်းဘက်ကနေလည်း UNHCR ရဲ့ အကာအကွယ်ပေးမှုအောက် ရောက်ရှိစေဖို့ အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်သွားမှာပါ” ဟု MWO (မလေးရှား) အဖွဲ့အစည်း တာဝန်ရှိသူ ကိုဝင်းအောင်က ပြောသည်။

နည်းလမ်းမျိုးစုံဖြင့် မလေးရှားနိုင်ငံတွင်းသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာသည့် မြန်မာနိုင်ငံသားအများစုမှာ နေထိုင်ခွင့်အထောက်အထား မရှိသည့်အတွက် ဖမ်းဆီးခံရမှုနှင့် ကျန်းမာရေးကိစ္စများတွင် အခက်အခဲများ ရင်ဆိုင်နေကြရကြောင်း ဆိုသည်။

မြန်မာအလုပ်သမားအစည်းအရုံး (မလေးရှား) အနေဖြင့် မလေးရှားနိုင်ငံရှိ သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့နှင့် ချိတ်ဆက်ကာ ကူညီမှုများ လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

“ကျန်းမာရေးတခုခုချို့ယွင်းလို့ ဆေးရုံဆေးခန်းသွားရင် အထောက်အထားမရှိရင် ပြလို့မရဘူး။ ဖမ်းဆီးခံရရင်လည်း အထောက်အထားမရှိရင် မြန်မာနိုင်ငံအထိ ပြန်ပို့ခံရတာရှိပါတယ်။ UNHCR Register လုပ်ထားမယ်ဆိုရင်တော့ အဖွဲ့အစည်းအနေနဲ့ UN ကို အကူအညီတောင်းပြီး တရားရုံးတွေကတဆင့် ဥပဒေအရာရှိတွေရဲ့ အကူအညီနဲ့ ပြန်လည်လွတ်မြောက်အောင် လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။ အဲ့လိုကိစ္စတွေကို အဓိက အလေးထား ကူညီပေးမှာပါ” ဟု ကိုဝင်းအောင်က ဆိုသည်။

လက်ရှိတွင် မြန်မာအလုပ်သမားအစည်းအရုံး (မလေးရှား) တွင် အဖွဲ့ဝင်ဦးရေ တရာကျော်ရှိပြီး CDM ဝန်ထမ်းများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံစွန့်ခွာလာကြသူများ ပါဝင်ကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် စီးပွားရေးကျပ်တည်းမှုနှင့် နိုင်ငံရေးအခြေအနေများကြောင့် မြန်မာနိုင်ငံသားအများစု ပြောင်းရွေ့နေထိုင်သည့် နိုင်ငံများတွင် မလေးရှားနိုင်ငံလည်း ပါဝင်သည်။

မလေးရှားနိုင်ငံသို့ မြန်မာနိုင်ငံမှ တရားဝင်အလုပ်သမား ပို့ဆောင်မှုရှိသလို နည်းလမ်းအမျိုးမျိုးဖြင့် တရားမဝင် လမ်းကြောင်းမှ ဝင်ရောက်လာသူ အများအပြား ရှိနေပြီး မလေးရှားနိုင်ငံတွင်းရှိ မြို့အများစုတွင် နေထိုင်နေကြကြောင်း မလေးရှားရောက် မြန်မာနိုင်ငံသားများက ပြောသည်။

ယင်းသို့ တရားမဝင် လမ်းကြောင်းမှ ဝင်ရောက်လာသူများကို မလေးရှားနိုင်ငံရဲတပ်ဖွဲ့က ၂၀၂၃ ခုနှစ် မေလမှ စတင်ကာ ဖမ်းဆီးမှုများရှိခဲ့ပြီး ယခုနှစ် ဖေဖော်ဝါရီလ ခန့်မှန်းချေ မြန်မာနိုင်ငံသား ၆၀,၀၀၀ ထက်မနည်း ဖမ်းဆီးခံထားရကြောင်း MYANMAR WORKERS ORGANIZATION (MALAYSIA) ထံမှ သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)