မြန်မာဘီယာနှင့် ပါတီပွဲလုပ်သည့် တပ်ဖွဲ့ဝင်များကို အရေးယူထားကြောင်း TNLA ထုတ်ပြန်

002

(မဇ္ဈိမ) ။ ။ အာဏာသိမ်း စစ်တပ်၏ ထုတ်ကုန်တခုဖြစ်သည့် မြန်မာဘီယာနှင့် မွေးနေ့ပါတီပွဲ ကျင်းပခဲ့သည့် တပ်ဖွဲ့ဝင်များကို ကြိမ်ဒဏ်နှင့် လူမှုရေးပြစ်ဒဏ်များ ချမှတ်ခဲ့သည်ဟု TNLA က ယနေ့ (မေလ ၂ ရက်) နေ့တွင် ထုတ်ပြန်သည်။

သောက်သုံးခဲ့သည့် TNLA တပ်ဖွဲ့ဝင်များကို မေ ၂ ရက်တွင် ကြိမ်ဒဏ် ၁၀ ချက်၊ အလုပ်ကြမ်းတလနှင့် လူမှုရေးပြစ်ဒဏ်အဖြစ် အများပိုင်ဆေးရုံ၊ ဘုန်းကြီးကျောင်းများတွင် သန့်ရှင်းရေး စေခိုင်းခဲ့ကြောင်း TNLA က ဆိုသည်။

TNLA ၏ ရုံးအဆောက်အုံတခု၌ တားမြစ်ကန့်သတ်ထားသော စစ်တပ်ထုတ်ကုန် မြန်မာဘီယာများနှင့် ပါတီပွဲကျင်းပနေစဉ် ရိုက်ကူးထားသော ဓာတ်ပုံများ လူမှုကွန်ရက်တွင် မေလ ၁ ရက်နေ့က ထွက်ပေါ်လာခဲ့သည်။

ယင်းအပေါ် ဝေဖန်သံများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာပြီးနောက် TNLA က ပါတီပွဲတွင် ပါဝင်ခဲ့သည့် ၎င်းတို့၏ တပ်ဖွဲ့ဝင်များကို ပြစ်ဒဏ်များ ချမှတ်မှု ဖြစ်လာခဲ့သည်။

ပလောင်ပြည်နယ်လွတ်မြောက်ရေး တပ်ဦး (PSLF/TNLA) မှ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီအတွက် အရေးပါသော စီးပွားရေးမဏ္ဏိုင် ပြိုလဲရန်နှင့် ဝင်ငွေလမ်းကြောင်း ပိတ်ပင်ရန် ရည်ရွယ်ပြီး စစ်ကောင်စီထုတ်ကုန်များကို ရောင်းဝယ်သုံးစွဲခြင်း မပြုလုပ်ရန် ၂၀၂၁ ခုနှစ် ဇွန် ၁၅ ရက်က တားမြစ်မိန့် ထုတ်ပြန်ခဲ့သည်။

TNLA တပ်ဖွဲ့သည် ၁၀၂၇ စစ်ဆင်ရေးကြီးနှင့်အတူ ထိန်းချုပ်နိုင်ခဲ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ် ခုနစ်ခုတွင် အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီး ထိုမြို့များနှင့် စစ်ဒေသတို့တွင် တားမြစ်ကုန်ပစ္စည်းများအား ရောင်းဝယ်စားသုံးသူများကို အရေးယူဆောင်ရွက်သွားမည်ဟု ထပ်လောင်း သတိပေးထားသည်။

ထို့ပြင် စစ်အာဏာရှင်စနစ်ကို ဖြုတ်ချရန် ကြိုးပမ်းနေကြသည့် နွေဦးတော်လှန်ရေး အင်အားစုများကလည်း မြန်မာဘီယာ အပါအဝင် စစ်တပ်ထုတ်ကုန် မည်သည့်ပစ္စည်းကိုမဆို မရောင်းဝယ်၊ မသုံးစွဲရန် သပိတ်မှောက်ထားကြသည်။

စာတည်း။ ။ နောင်နောင်