မုံရွာနှင့်ချောင်းဦးတွင် ဧပြီလအတွင်းတိုက်ခိုက်မှုစစ်သား ၂၃ဦးသေဆုံးဟုဆို

မုံရွာခရိုင် အမှတ်(၁၁) တပ်ရင်း PDF – South Monywa ရဲဘော်များ/ဓါတ်ပုံ – PDF – South Monywa

ပါခွီး

(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်နှင့် ချောင်းဦးမြို့နယ်တို့၌ ဧပြီလအတွင်း တိုက်ခိုက်မှုများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်၂၃ဦး သေဆုံးခဲ့ကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ မုံရွာခရိုင်အမှတ်(၁၁) တပ်ရင်း၊ PDF – South Monywaက မေလ ၁ရက်နေ့တွင် ထုတ်ပြန်သည်။

ဧပြီလ ၁ရက်နေ့မှ ဧပြီလ ၃၀ရက်နေ့အထိ တလတာကာလအတွင်း မဟာမိတ်များနှင့်လက်တွဲ၍ တိုက်ခိုက်စဉ် စစ်ကောင်စီဘက်၌ ယင်းကဲ့သို့သေဆုံးခြင်းဟုPDF – South Monywa တာဝန်ခံ ဒေါင်းကာရံက မဇ္စျိမကိုပြောသည်။

” စစ်ကောင်စီဘက်ကသေဆုံးစာရင်းကို ပြည်သူတွေဆီကနဲ့ ကာကွယ်ရေးတပ်ဖွဲ့များရဲ့ အဆက်သွယ်တွေဆီကသိရှိရတာကို ပြန်ပြီးအတည်ပြုထားတာပါ” ဟု ဒေါင်းကာရံကပြောသည်။

စစ်ကောင်စီတပ်နှင့်လက်အောက်ခံပျူစောထီးများကို မိုင်းဆွဲတိုက်ခိုက်မှုငါးကြိမ်၊လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်မှုငါးကြိမ်ပြုလုပ်ခဲ့ကြောင်း၊တိုက်ခိုက်မှုများအတွင်း စစ်ရေးသတင်းလုံခြုံမှုနှင့် ကာကွယ်ရေးရဲဘော်များအမိန့်နာခံမှု၊ စည်းလုံးညီညွတ်မှုများကို ဦးစားပေးပုံဖော်နိုင်ခဲ့သည်ဟု ၎င်းက ပြောသည်။

အဆိုပါတိုက်ပွဲများအတွင်း ကာကွယ်ရေးရဲဘော်နှစ်ဦး ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး ကုသမှုခံယူလျက်ရှိကာ ယခုအချိန်တွင် အသက်အန္တရာယ်စိုးရိမ်စရာမရှိတော့ကြောင်းသိရသည်။

အဆိုပါစစ်ဆင်ရေးများအပြင် ယမန်နေ့ (မေလ၁ရက်)က ဝမ်ပေါင်ကုမ္ပဏီမှ ထွက်လာသော ကြေးနီကားငါးစီးကို ချောင်းဦးမြို့နယ်အတွင်းနှင့်မုံရွာ – ချောင်းဦးလမ်းပိုင်းတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ချောင်းဦးမြို့နယ်၊ရေပိုးစားကန်အနီးတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။ တိုက်ခိုက်မှုများအတွင်း ထိခိုက်မှုများကို မဇ္ဈိမအနေဖြင့် အသေးစိတ်မသိရှိရသေးပေ။

စစ်ကောင်စီတပ်ကို အရှိန်မြှင့်တိုက်ခိုက်နိုင်ရေးအတွက် လက်နက်ခဲယမ်းများ ပြန်လည်ဖြည့်တင်းရန် ရန်ပုံငွေအခက်အခဲရှိနေပြီး တတ်စွမ်းနိုင်သမျှ ဝိုင်းဝန်းကူညီထောက်ပံ့ပေးကြပါရန် PDF – South Monywa က မေတ္တာရပ်ခံထားသည်။

စာတည်း – အေးချမ်း