တိုက်လေယာဉ်နှင့် စစ်သင်္ဘောတို့ကတိုက်ခိုက်၍ ကျိုက်မရောမြို့ ဓမ္မသရွာ မီးလောင်

YT ၊ဂျူချန်း

မဇ္ဈိမ။ ။ စစ်ကောင်စီ​၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုနှင့် ဂျိုင်းမြစ်အတွင်းရှိ စစ်သင်္ဘောတို့မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မသရွာက ဒေသခံနေအိမ်များ မီးလောင်နေကြောင်း ဒေသခံများထံက သိရသည်။

ယနေ့ မတ်လ ၂၇ ရက်နေ့မွန်းလွဲ ၂နာရီခွဲခန့်တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲရာမှ ကျေးရွာရှိ နေအိမ်တဝက်နီးပါး မီးလောင်နေပြီး စစ်ကောင်စီမှ မီးသတ်ကား ဝင်ခွင့်မပြုကြောင်း ဒေသခံများထံမှ သိရသည်။

” ညနေ ၃ နာရီလောက်မှာ သူတို့ လက်နက်ကြီးပစ်တယ်၊ လေကြောင်းကနေ ဗုံးကြဲတယ် ဓမ္မသရွာဘက်ကို၊ အခု ဓမ္မသရွာမှာ မီးလောင်နေတယ်။ ဒါပေမယ့် အိမ်ခြေဘယ်လောက်အထိ လောင်နေလဲတော့ မသိရသေးဘူး” ဟု မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP- AD ပြောခွင့်ရ နိုင်ဗညားမွန်က မဇ္ဈိမကိုပြောသည်။

လက်နက်ကြီး၊ ဗုံးသီးများ ကျရောက်ပေါက်ကွဲမှုကြောင့် ဓမ္မသရွာမှ နေအိမ်များ မီးလောင်လျက်ရှိနေခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ လောင်ကျွမ်းနေဆဲဖြစ်ကြောင်း ညနေ ၆ နာရီ ၄၀ မိနစ် မေးမြန်းချက်အရ သိရသည်။

” လေယာဉ်နဲ့ စစ်သင်္ဘော နှစ်စင်းက ပစ်လို့ လောင်ကုန်တာ။ ရွာတဝက်လောက် ကုန်နေပြီ အိမ်ခြေ ၄၀၀ လောက် ကုန်သွားပြီ။ အခုထိ လောင်တုန်းပဲ” ဟု ဓမ္မသဒေသခံက မဇ္ဈိမကိုပြောသည်။

ဓမ္မသရွာမှ ဒေသခံများကလည်း ၎င်းတို့​၏ လူမှုကွန်ရက်စာမျက်နှာများတွင် ဓမ္မသရွာ မီးလောင်နေသည့် အကြောင်းများ ရေးသားနေကြပြီး တိုက်ရိုက်ထုတ်လွှင့်မှုများ ပြုလုပ်နေကြသည်။

” မီးသတ်ကားတွေ ခေါ်ထားလို့ လာတာကို ရွာထိပ်မှာ စကစတွေက ပေးမဖြတ်ကြဘူး။ အခုတော့ မီးသတ်ကား ရောက်လာပြီ ဒါပေမယ့် မီးက နေရာအစုံလောင်နေတာ ငြှိမ်းမနိုင်ဘူးဖြစ်နေတယ်” ဟု ဓမ္မသ ဒေသခံအမျိုးသားတဦးက ပြောသည်။

ဒေသခံတဦး​၏ ပြောကြားချက်အရ ဓမ္မသရွာနှင့် တရနာရွာဘက်တွင် စစ်ကောင်စီနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ NMSP- AD အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခြင်းရှိကြောင်း သိရသည်။

ကနဦးရရှိထားသည့် အချက်အလက်အရ ကျေးရွာအတွင်း လူထိခိုက်မှုမရှိသော်လည်း အနည်းဆုံး အ်ိမ်ခြေ ၅၀ ခန့် မီးလောင်ကျွမ်းကာ သတင်းရေးသားနေသည့်အချိန်အထိ မီးလောင်ကျွမ်းနေဆဲဖြစ်သဖြင့် ပျက်စီးမှုအသေးစိတ်အခြေအနေကိုမူ မသိရသေးပေ။

“မီးက လေးနာရီရှိပြီ ခုထိအရှိန်ကောင်းကောင်းနဲ့ လောင်နေတုန်းပဲ။ ရွာတဝက်ကုန်နေပြီ။ မီးသတ်တွေလည်းမရှိဘူး။ မီးသတ်ရုံးပါ မီးထဲပါသွားတယ်။ စစ်တပ်ကလည်း တရနာမှာ ပိတ်ထားတယ်။ မီးသတ်ကားဝင်ခွင့်မပေးဘူး။ ကျနော်တို့အရမ်းဒုက္ခရောက်နေပြီ” ဟု ဓမ္မသရွာသားတဦးမှ မီးငြှိမ်းနေရင်း မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့တွင် ဓမ္မသရွာအနီးရှိ ကော့ဘိန်းရွာနယ်မြေရဲစခန်းကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့များက နှစ်ရက်ကြာ တိုက်ခိုက်ပြီး သိမ်းပိုက်ခဲ့ပြီးနောက်တွင် စစ်ကောင်စီက မော်လမြိုင်- ခရုံဂူလမ်းမှ တဆင့် စစ်ကူများ ပေးပို့နေပြီး ဂျိုင်းမြစ်အတွင်း၌လည်း စစ်ကောင်စီ​၏ စစ်သင်္ဘောများ ရောက်ရှိနေကြောင်း ဒေသခံများ​၏ ပြောဆိုချက်အရ သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)