တောင်စွန်းစခန်းသိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၆ ဦးသေဆုံး၊ ထွက်ပြေးသွားသည့် တပ်ရင်းမှူး အပါအဝင် ၁၃ ဦးကို လိုက်လံတိုက်ခိုက်နေဟုဆို

ပုံအညွှန်း- တောင်စွန်းစခန်းသိမ်းတိုက်ပွဲအတွင်း သိမ်းဆည်းရမိခဲ့သည့် လက်နက်များနှင့် တိုက်ပွဲဝင် ရဲဘော်များအား တွေ့ရစဉ် (ဓါတ်ပုံ- SOF၊ Lion Battalion Commando-ဗျူဟာစစ်ကြောင်း)

ပုံအညွှန်း- တောင်စွန်းစခန်းသိမ်းတိုက်ပွဲအတွင်း သိမ်းဆည်းရမိခဲ့သည့် လက်နက်များနှင့် တိုက်ပွဲဝင် ရဲဘော်များအား တွေ့ရစဉ် (ဓါတ်ပုံ- SOF၊ Lion Battalion Commando-ဗျူဟာစစ်ကြောင်း)

YT

(မဇ္ဈိမ) ။ ။ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အခြေစိုက် စစ်ကောင်စီ​၏ တောင်စွန်း ရှေ့တန်းစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၆ ဦးသေဆုံးပြီး ထွက်ပြေးသွားသည့် တပ်ရင်းမှူးအပါအဝင် ၁၃ ဦးကို လိုက်လံတိုက်ခိုက်နေကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) တာဝန်ခံ ကိုအောင်စံရှားက ပြောသည်။

တောင်စွန်းစခန်းသိမ်းတိုက်ပွဲကို ဧပြီလ ၇ ရက်နေ့တွင် ဒရုန်းစစ်ဆင်ရေးဖြင့် စတင်ခဲ့ပြီး ဧပြီလ ၁၇ ရက်နေ့တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကာ စစ်ဆင်ရေး ၂၇ ရက်အကြာ ယမန်နေ့ (မေလ ၃ ရက်) နံနက်ပိုင်းတွင် အဆိုပါ စခန်းကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဘုရားသုံးဆူ- သံဖြူဇရပ်လမ်းပေါ်ရှိ ကြာအင်းဆိပ်ကြီး အခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၂၈၄) မှ စစ်ကောင်စီတပ်သား ၃၉ ဦး အထိုင်ချနေသည့် တောင်စွန်းရှေ့တန်းစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ SOF၊ Lion Battalion Commando-ဗျူဟာစစ်ကြောင်း၊ Federal Wings၊ Cloud Wings ဒရုန်းပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

” ဒီစခန်းက ကရင်ပြည်နယ် တပ်မဟာ (၆)ပေါ့နော် ကရင်ပြည်နဲ့ မွန်ပြည်နယ်အစပ်မှာ၊ ဘုရားသုံးဆူ- သံဖြူဇရပ်- မော်လမြိုင်လမ်းမပေါ်မှာရှိတဲ့ အဓိကကျတဲ့ နယ်စပ်အထိုင်စခန်းပေါ့။ ဒီလမ်းမကြီးပေါ်မှာ အဲ့ဒီစခန်းပြီးရင် နောက်ထပ် စခန်းနှစ်ခုပဲ ကျန်တော့တယ်။ အဲ့ဒီစခန်းတွေပြီးရင် နယ်စပ်စခန်းတွေကုန်သွားပြီ” ဟု SOF တာဝန်ခံ ကိုအောင်စံရှားက မဇ္ဈိမကိုပြောသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲကာလအတွင်း စစ်ကောင်စီက ဂျက်ဖိုက်တာ၊ Mi-35၊ Y-12 လေယာဉ်များဖြင့် လေကြောင်းတိုက်ခိုက်မှု ၃၆ ကြိမ်ပြုလုပ်ခဲ့ကြောင်း SOF က ဆိုသည်။

စစ်ကောင်စီဘက်တွင် ၂၆ ဦးသေဆုံး၍ လက်နက်ကြီး၊ လက်နက်ငယ် အလက်ရေ ၄၀ ကျော်နှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့ပြီး၊ တပ်ရင်းမှူးအပါအဝင် ၁၃ ဦး ထွက်ပြေးသွားကြောင်း SOF ထံက သိရသည်။

” ကျန်တဲ့ ၁၃ ဦးကတော့ ချေမှုန်းစဉ်အတွင်းမှာပဲ ထွက်ပြေးသွားတယ်။ အဲ့ဒါလည်း မကြာခင်မှာ ကျွန်တော်တို့ ထပ်ပြီး ပိတ်ဆို့ချေမှုန်းနိုင်ဖို့ စီစဉ်နေပါတယ်” ဟု SOF တာဝန်ခံ ကိုအောင်စံရှားက မဇ္ဈိမကိုပြောသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း KNLA၊ SOF ပူးပေါင်းတပ်ဘက်တွင်လည်း အထိအခိုက်၊ အကျအဆုံးများ ရှိခဲ့သော်လည်း အရေအတွက် အတိအကျကို ထည့်သွင်းဖော်ပြခြင်း မရှိခဲ့ပေ။

တောင်စွန်းစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဘုရားသုံးဆူ- သံဖြူဇရပ်လမ်းပေါ်တွင် အနန်းကွင်း ဗျူဟာကုန်းတပ်စခန်းအပါအဝင် စခန်းနှစ်ခုသာ ကျန်ရှိနေတော့ကြောင်း သိရသည်။

” အဲ့ဒါကြောင့် အဲ့ဒီစခန်းတွေကို စစ်ဆင်ရေးလုပ်ခြင်းအားဖြင့် ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူ၊ ကော့ကရိတ်၊ မော်လမြိုင်၊ သံဖြူဇရပ် အဲ့ဒီမြို့တွေကို စစ်ဆင်ရေးလုပ်ဖို့အတွက် အများကြီး အခွင့်အလမ်းကောင်းသွားတယ်” ဟု ကိုအောင်စံရှားက ဆက်လက်ပြောဆိုသည်။

တောင်စွန်းစခန်းသိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီ​၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် တောင်စွန်းကျေးရွာနှင့် ဆင်ပြေးကျေးရွာမှ ဘာသာရေးအဆောက်အဦးများအပါအဝင် လူနေအိမ် အလုံး ၅၀ ကျော် ပျက်စီးခဲ့ပြီး ဒေသခံထိခိုက်မှုပါရှိကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး