စစ်မှုထမ်းကောင်းတံဆိပ်ရ စစ်ကောင်စီတပ်မှူးကြီး ကရင်ပြည်နယ်စစ်မျက်နှာတွင် အသတ်ခံရ

Breaking News

(မဇ္ဈိမ)

စစ်ကောင်စီတပ်၏ စစ်မှုထမ်းကောင်းတံဆိပ်ရ တပ်မှူးကြိီးတဦးမှာ မေလ ၃ ရက်နေ့က ကရင်ပြည်နယ်အတွင်း အသတ်ခံလိုက်ရသည်ဟု ရှေ့တန်းစစ်မြေပြင်မှလာသော ကနဦးသတင်းအရ သိရသည်။

စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (၈) တပ်မှူး ဗိုလ်မှူးချုပ်ဆန်းညွန့်လှိုင်သည် ကရင်ပြည်နယ် ဖာပွန်ခရိုင် ကမမောင်းမြို့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA နှင့်ပူးပေါင်းတပ်များ၏ ညအချိန် မိုင်းဆွဲတိုက်ခိုက်ခံရပြီး သေဆုံးသွားခြင်းဖြစ်သည်ဟုဆိုသည်။

မဇ္ဈိအနေဖြင့် သီးခြားအတည်ပြုချက်ရယူနိုင်ခြင်းမရှိပါ။

ဗထူး ဗိုလ်သင်တန်းကျောင်း အပတ်စဉ် (၂၆) ဆင်း ဗိုလ်မှူးချုပ်ဆန်းညွန့်လှိုင်နှင့် အခြားအဆင့်စစ်သည်တဦးသည် စကခ(၈) လက်အောက်ခံ ဗျူဟာကုန်းနှင့် ကိုးနဝင်းဘုန်းကြီးကျောင်း အနီးတွင် တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု လုံခြုံရေးအရ အမည်ဖော်ပြလိုခြင်းမရှိသော သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီက ဗိုလ်မှူးကြီးဆန်းညွန့်လှိုင်ကို စစ်မှုထမ်းကောင်းတံဆိပ်ဆုချီးမြှင့်ကြောင်း၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်နေ့က ကြေညာခဲ့သည်။

သူသည် ထိုစဉ်က အမှတ် (၇၇) ခြေမြန်တပ်မဌာနချုပ် ဒုတိယတပ်မမှူးဖြစ်သည်။ ထို့နောက် ထားဝယ်မြို့အခြေစိုက် စကခ(၈) တပ်မှူးအဖြစ် ရာထူးတိုးပြောင်းရွှေ့ခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၅) နယ်မြေအတွင်းရှိ ဖာပွန်မြို့ပေါ်တွင် စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားပျက်ပြားသွားပြီးနောက် မြို့နယ်ခွဲအဆင့်ရှိသည့် ကမမောင်းမြို့နယ်သို့ ဝန်ထမ်းများဖေဖော်ဝါရီကစ၍ ပြောင်းရွှေ့အုပ်ချုပ်လာခဲ့သည်။