ဖားဆောင်းတွင် စစ်ကောင်စီထောက်ပို့ရဟတ်ယာဉ် ပစ်ချနိုင်ခဲ့ကြောင်း KNDF အတည်ပြု

Breaking News

ဂျူချန်း

(မဇ္ဈိမ)။ ။ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်အတွင်း စစ်ကောင်စီ၏ ထောက်ပို့ရဟတ်ယာဉ်တစီးကို ယနေ့(မေလ ၆ ရက်) နံနက်ပိုင်းက ပစ်ချနိုင်ခဲ့ကြောင်း ကရင်နီအမျိုးသားများတော်လှန်ရေးတပ် KNDF မှ အတည်ပြုသည်။

“ဖားဆောင်းမှာ ထောက်ပို့လာတဲ့ ရဟတ်ယာဉ်တစီးကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပစ်ချလိုက်တာဖြစ်ပါတယ်။ အဲ့ဒီပစ်ချခဲ့တဲ့ ရဟတ်ယာဉ်က ဘော်လခဲမြို့နယ်ထဲကို သွားကျတယ်လို့ ယူဆလို့ရပါတယ်။ လောလောဆယ် ကျတဲ့နေရာကို ရှာဖွေနေပါတယ်” ဟု KNDF ဗဟို သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူ စောသအယ်စိုးကမဇ္ဈိမကို အတည်ပြုပြောကြားသည်။

ဖားဆောင်းမြို့အဝင်နားတွင်ရှိသည့် ထူးချောင်စခန်းကို ရိက္ခာလာပို့သည့် စစ်ကောင်စီ၏ ရဟတ်ယာဉ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ယနေ့ မေလ ၆ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ပစ်ချနိုင်ခဲ့ခြင်းဖြစ်ကြောင်း မြေပြင်သတင်းရင်းမြစ်ထံမှလည်း သတင်းရရှိသည်။

“ထူးချောင်းမှာ စစ်ကောင်စီစခန်းတခုရှိတယ်။ လူနာလာတင်တာ။ ရဟတ်ယာဉ်ဆင်းတဲ့အချိန်ထိတာ။ ပြန်အဝိုက် လမ်းကျသွားတာ” ဟု သတင်းရင်းမြစ်က ပြောသည်။

လက်ရှိတွင် ရဟတ်ယာဉ်ပျက်ကျနိုင်သည့်နေရာကို တော်လှန်ရေးပူးပေါင်းတပ်များမှ ရှာဖွေနေဆဲဖြစ် ကြောင်း သိရသည်။

ဖားဆောင်းမြို့ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ပူးပေါင်းတပ်မှ စတင် ထိုးစစ်ဆင်တိုက် ခိုက်ခဲ့ပြီး ယနေ့အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

ဖားဆောင်းမြို့နယ်သည် ကရင်နီ တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် မယ်စဲ့မြို့နှင့် ထိစပ်နေပြီး လက်ရှိတွင် ဖားဆောင်းမြို့ကို အလုံးစုံသိမ်းပိုက်နိုင်ရန် တော်လှန်ရေးပူးပေါင်းတပ်များမှ ကြိုးပမ်းနေရာ ခဲယမ်းများလိုအပ်လျက်ရှိပြီး စစ်ကောင်စီကလည်း ဖားဆောင်းမြို့ လက်မလွှတ်ရေးအတွက် အပြင်း အထန် ခုခံနေကြောင်း သိရသည်။

စာတည်း။ ။စောဖေ