မြောင်မြို့နယ်၊သာထွန်းရွာတိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးထက်မနည်းဒဏ်ရာရ

မြောင်မြို့နယ်၊သာထွန်းရွာတွင် မေလ ၄ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲရုပ်သံမှတ်တမ်း (ရုပ်သံ – မြောင်မြို့နယ် တော်လှန်ရေးတပ် (MRA))

မောင်ခက်နွေ

(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊သာထွန်းရွာသို့ ဝင်ရောက်တပ်စွဲထားသည့် စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ ၁၅ ဦးထက်မနည်းဒဏ်ရာရသွားပြီး ဆုတ်ခွာထွက်‌ပြေးသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

ဧရာဝတီမြစ်အရှေ့ဘက်ကမ်းရှိ မြင်းခြံမြို့နယ်၊ ဆီမီးခုံရွာမှ ရောက်ရှိလာသော အင်အား ၈၀ခန့်ပါ စစ်ကောင်စီနှင့်ပျူစောထီးစစ်ကြောင်းကို မေလ ၄ ရက်နေ့ ညနေတွင် တိုက်ခိုက်ခဲ့ခြင်းဟု စစ်ကိုင်းခရိုင်တပ်ရင်း(၅)၊မြောင်မြို့နယ်တော်လှန်ရေးတပ် (MRA)သတင်းပြန်ကြားရေးတာဝန်ခံကမဇ္ဈိမအား ပြောသည်။

” တိုက်ပွဲက ၁နာရီခန့်ကြာခဲ့တယ်။ စစ်တပ်က လေကြောင်းကနေ ပတ်ဝဲနေပြီး လက်နက်ကြီးနဲ့လည်းပစ်တယ်။ မြေပြင်မှာက ပေ ၂၀၀ခန့်အကွာကနေ ရင်ဆိုင်တိုက်ပွဲဖြစ်တာ။ အဲ့ညတိုက်ပွဲအပြီး နောက်နေ့မနက်အစောပိုင်းမှာ သူတို့ပြန်ဆုတ်ခွာသွားပါတယ်” ဟု MRA သတင်းပြန်ကြားရေးတာဝန်ခံက ပြောသည်။

တိုက်ပွဲသည် ညနေ ၆နာရီ၄၅ မိနစ်၌စတင်ခဲ့ပြီး ၇နာရီ ၄၅မိနစ်ခန့်၌ ပြီးဆုံးခဲ့ကြောင်း၊ စစ်ကောင်စီဘက်တွင် ၁၅ဦးထက်မနည်းဒဏ်ရာရပြီး သုံးဦးဒဏ်ရာပြင်းထန်ကြောင်း MRAက ဆိုသည်။

“ထိခိုက်မှုစာရင်းကတော့ စစ်ကောင်စီရဲ့စစ်ကြောင်းနောက်ကို တောက်လျှောက်လိုက်ပြီး ကင်းထောက်နေတဲ့အဖွဲ့ဆီကနေ ရတဲ့ သတင်းပေးပို့ချက်ပါ။ ထမ်းစင်တွေနဲ့ ခေါ်ထုတ်သွားတာပါ” ဟု ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

စစ်ကောင်စီဘက်မှထိခိုက်မှုများနှင့်ပတ်သက်၍ သီးခြားသတင်းအချက်အလက်မရရှိသေးပေ။ တိုက်ပွဲဖြစ်ပွားချိန်တွင် မြင်းခြံမြို့၊ ဆီမီးခုံဆိပ်ကမ်းရှိ စစ်ကောင်စီရေတပ်သင်္ဘောမှ လက်နက်ကြီးများဖြင့်ပစ်ကူပေးခဲ့သော်လည်း ကာကွယ်ရေးရဲဘော်များထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။ ည၁၂ နာရီခန့်တွင် စစ်ကောင်စီက သာထွန်းရွာအနီး မင်းတန်းရွာသို့ လေကြောင်းမှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ရာ နေအိမ်လေးလုံးပျက်စီးပြီး နွားလေးကောင်သေဆုံးခဲ့ကြောင်း MRA ကပြောသည်။

မြောင်မြို့နယ်သို့ ဝင်ရောက်နေသည့် အဆိုပါစစ်ကြောင်း ပြန်လည်ဆုတ်ခွာသွားပြီးနောက်ပိုင်း ယနေ့(မေလ ၆ရက်)အထိ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အခြေအနေငြိမ်သက်နေကြောင်း ဒေသခံများထံမှသတင်းရရှိသည်။

မေလ ၄ရက်က တိုက်ပွဲကို MRAနှင့်အတူ စစ်ကိုင်းခရိုင်ပကဖ၊ စစ်ကိုင်းခရိုင်ထောက်ပို့အဖွဲ့ ၊ မင်းတန်းရွာပကဖ၊ လက်ထုတ္တောရွာပကဖ၊ငါန်းဇွန်မြို့နယ် ပကဖနှင့်မန္တလေးခရိုင်တပ်ရင်း(၅)တို့ပါဝင်သည့်
ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

စာတည်း – အေးချမ်း