စစ်ကောင်စီခေါင်းဆောင် သင်္ကြန်ကာလအတွင်း အများပြည်သူရှေ့ မထွက်လိုက်ရ

စစ်ကောင်စီခေါင်းဆောင်မပါဝင်ဘဲ ပြင်ဦးလွင်သို့ရောက်ရှိလာသည့် ၎င်း၏ဇနီး ဒေါ်ကြူကြူလှ(ဓာတ်ပုံ-စစ်ကောင်စီထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များ)

001
မဇ္ဈိမ။ ။အာဏာသိမ်းပြီးနောက် သင်္ကြန်ကာလများတွင် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သွားရောက်လည်ပတ်လေ့ရှိသည့် ပြင်ဦးလွင်မြို့တွင် ဧပြီလ ၁၄ ရက်နေ့က ရှော့တိုက်ဒုံး ဖြင့် အပစ်ခံရပြီးနောက် ၎င်းအနေဖြင့် ယခုနှစ်သင်္ကြန်ကာလကို အများပြည်သူမြင်ကွင်းရှေ့သို့ပင် မထွက် တော့ဘဲ ကုန်ဆုံးခဲ့သည်ကို တွေ့ရသည်။
သင်္ကြန်ကာလတခုလုံး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် အများပြည်သူမြင်ကွင်းမှ ပျောက်ကွယ် နေပြီး ယနေ့ နှစ်ဆန်းတရက်နေ့တွင်သာ စစ်ကောင်စီလက်အောက်ခံ ကြေးမုံသတင်းစာမှတဆင့် နှစ်သစ် ကူး နှုတ်ခွန်းဆက်စကား ပြောဆိုခဲ့သည်။
အာဏာသိမ်းပြီးနောက် သင်္ကြန်ပွဲတော်များ စည်စည်ကားကားဖြစ်စေရန် စစ်ကောင်စီက ကြိုးပမ်းနေပြီး ပြီးခဲ့သည့်နှစ် သင်္ကြန်ကာလများတွင် ထိပ်ပိုင်းခေါင်းဆောင်များကို မဏ္ဍပ်များ၌ တွေ့မြင်ရလေ့ရှိသည်။
စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် သင်္ကြန်ကာလ တွင် ပြင်ဦးလွင်တပ်နယ်ရှိ မဏ္ဍပ်များသို့ သွားရောက်လည်ပတ်ခဲ့သည်။ ၂၀၂၃ ခုနှစ်တွင်မူ သင်္ကြန်မဏ္ဍပ် များသို့ သွားရောက်ခြင်းမရှိသော်လည်း သင်္ကြန်အပြီးတွင် ပြင်ဦးလွင်ရှိ အမျိုးသားကန်တော်ကြီးဉယျာဉ် နှင့် ပွဲကောက်ရေတံခွန်အပန်းဖြေစခန်းများသို့ သွားရောက်မှုများရှိခဲ့သည်။
ယခုနှစ် သင်္ကြန်အတက်နေ့ ဧပြီလ ၁၆ ရက်က ပြင်ဦးလွင်တပ်နယ်ရှိ မိသားစုရေသဘင်မဏ္ဍပ်များသို့ စစ်ကောင်စီခေါင်းဆောင်၏ဇနီး ဒေါ်ကြူကြူလှသွားရောက်ခဲ့သော်လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်လိုက်ပါခဲ့ခြင်းမရှိသည်ကို မြဝတီရုပ်သံတွင် ဖော်ပြချက်အရ သိရသည်။
သင်္ကြန်အတွက် စစ်ကောင်စီခေါင်းဆောင် ပြင်ဦးလွင်ရောက်ရှိနေကြောင်း သတင်းထွက်ပေါ်ပြီးနောက် မန္တလေး PDF က ဧပြီလ ၁၄ ရက်နေ့ ညပိုင်းတွင် ပြင်ဦးလွင်စစ်တက္ကသိုလ်(DSA) သို့ ဦးတည်ပြီး ရှော့ တိုက်ဒုံးအလုံး ၂၀ ဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထိုပစ်ခတ်မှုမတိုင်မီ ဧပြီလ ၁၃ ရက်နေ့က စစ်ကောင်စီခေါင်းဆောင် ပြင်ဦးလွင်သို့ ရောက်ရှိခဲ့ကြောင်း စစ်တပ်ထောက်ခံသည့် တယ်လီဂရန်ချန်နယ်များတွင် ဧပြီလ ၁၆ ရက်နေ့က ဓာတ်ပုံများနှင့်တကွ ဖော်ပြ ခဲ့ကြသည်။
“ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ ခြေထောက်နာနေတာဖြစ်တဲ့အတွက် ပြင်ဦးလွင်တပ်နယ်မှာ ကျင်းပတဲ့ သင်္ကြန်အခမ်းအနားတွေကိုတော့ တက်ရောက်ခဲ့ခြင်းမရှိဘဲ အဲဒီနေ့မှာပဲ နေပြည်တော်သို့ ပြန် လည်ရောက်ရှိခဲ့ကြောင်း သိရှိရပါတယ်” ဟု စစ်တပ်ထောက်ခံသူများက အကြောင်းပြသည်။
သို့သော် စစ်ကောင်စီခေါင်းဆောင်အနေဖြင့် နေပြည်တော်သင်္ကြန်မဏ္ဍပ်များသို့လည်း သွားရောက်ခြင်း မရှိဘဲ နေခဲ့သည်။
စစ်ကောင်စီဝါဒဖြန့်သတင်းစာများတွင်လည်း အဆိုပါ ပြင်ဦးလွင်ခရီးစဉ်အကြောင်း မဖော်ပြသကဲ့သို့ သင်္ကြန်ကာလ စစ်ကောင်စီခေါင်းဆောင်၏ သတင်းများကိုလည်း မတွေ့ရပေ။
ယခုနှစ်သင်္ကြန်ကာလတွင် နေပြည်တော်သင်္ကြန်အခမ်းအနားများတက်ရောက်လေ့ရှိသည့် စစ်ကောင်စီ ဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကိုလည်း မတွေ့ရဘဲ ၎င်းအနေဖြင့် လူမြင်ကွင်းမှ ပျောက်ကွယ်နေသည်မှာ နှစ်ပတ်ခန့်ရှိလာပြီဖြစ်သည်။

စာတည်း။ ။စောဖေ