နှစ်ပေါင်း ၄၀နီးပါး တပ်စွဲထားသည့် တပ်စခန်းကို KIA သိမ်းပိုက်

(မဇ္ဈိမ)။ ။ နှစ်ပေါင်း ၃၉ နှစ်ကြာ တပ်စွဲထားခဲ့သည့် စစ်ကောင်စီတပ်စခန်း နှစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့က ယနေ့ မတ်လ ၂၈ ရက်တွင် တိုက်ခိုက်သိမ်းပိုက်လိုက်သည်။

ကချင်ပြည်နယ်၏ တရုတ် – မြန်မာနယ်စပ် ကုန်သွယ်ရေးဇုန်မြို့ဖြစ်သော လွယ်ဂျယ်(Loije)မြို့ကို အဓိကထိန်းချုပ်ထားသည့် ယော်ယုံဘွမ့် (Yaw Yung Bum) နှင့် မဒါးဘွမ့် (Mada Bum) စစ်ကောင်စီတပ်စခန်းတို့ကို ယနေ့ မတ်လ ၂၈ ရက်နေ့တွင် KIAက အပြီးသတ်သိမ်းပိုက်လိုက်ခြင်း ဖြစ်သည်။

“ တိုက်တာက မနေ့ကတည်း တိုက်နေတာ။ ဒီကနေ့ မနက်မှာတော့ မဒါဘွမ့်(ဖလန်းဘွမ့်)ကို အရင်သိမ်းနိုင်တယ်။ အခု ၁၁ နာရီကျော်လောက်တော့ ယော်ယုံတပ်စခန်းထဲကို ဝင်ပြီး ရှင်းလင်းရေးတွေ လုပ်ဆောင်နေပြီ။ တပ်ဆုတ်ပြေးသွားတဲ့ သူတို့(စစ်ကောင်စီတပ်)ကိုလည်း မြေပြင်အဖွဲ့က ဆက်ရှင်းလင်းနေတယ်” ဟု KIA ရှေ့တန်း သတင်းရင်းမြစ်က ဆိုသည်။

လွယ်ဂျယ်မြို့အနီး ဗန်းမော် – လွယ်ဂျယ် နယ်စပ်လမ်းပေါ်ရှိ စိမ်လုံတောင်ကြောပေါ်မှ စစ်ကောင်စီတပ်စခန်း ငါးနေရာကို KIAနှင့် မဟာမိတ်ပူးပေါင်းအဖွဲ့က မတ်လ ၂၇ ရက်နေ့တွင် တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲစတင်သည့် မတ်လ ၂၇ ရက်နေ့တရက်တည်းတွင် ယော်ယုံဘွမ်ရဲ့ ရှေ့တန်တပ်စခန်း သုံးနေရာဖြစ်သော လော့မွန်(Law Mun)၊ ဘန်ယော်ဘွမ့် (Bang Yau Bum)၊ ရှန်းသိုင်ဘွမ့် (Shang Tai Bum) တို့ကို သိမ်းပိုက်ရရှိထားခဲ့ပြီ ဖြစ်သည်။

မတ်လ ၂၇ ၊ ၂၈ နှစ်ရက်အတွင်းဖြစ်ပွားတဲ့ စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများပြီး တပ်အတွင်းထဲက ထွက်ပြေးသွားကြသလို ဖမ်းဆီးရမိသည့် တပ်သားတွေရှိကြောင်း သိရသော်လည်း မဇ္ဈိမက အသေးစိတ် စုံစမ်းနေဆဲဖြစ်သည်။

ထွက်ပြေးလွတ်မြောက်နေသည့် စစ်ကောင်စီတပ်သားများကို လိုက်လံ ရှင်းလင်းနေကြောင်း KIA ရှေ့တန်းသတင်း အရင်းအမြစ်က ပြောသည်။

လွယ်ဂျယ်မြို့ကို အဓိက လုံခြုံရေးယူပေးနေသည့် ယော်ယုံတပ်စခန်းနှင့် မဒါးဘွမ့် တပ်စခန်း နှစ်ခုသည် တပ်စခန်း တခုနှင့်တခု သုံးမိုင်အကွာလောက်သာရှိပြီး မဒါဘွမ့်စခန်းသည် ဒုတိယအကြီးဆုံး တပ်စခန်းလည်းဖြစ်သည် ဟု KIA စစ်ရေးရုံးအချက်အလက်အရ သိရသည်။

ယနေ့မနက်ပိုင်းက KIAသိမ်းပိုက်လိုက်သည့် စစ်ကောင်စီတပ်စခန်း နှစ်ခုက လွယ်ဂျယ်မြို့တွင်း စစ်တပ်စခန်းနှင့် ရဲစခန်းကိုပါ ကာကွယ်ပေးသည့်တပ်စခန်းဖြစ်နေသည့်အပြင်၊ ယောယုံတပ်စခန်းသည် KIO အစိုးရ၏ ပညာရေးမြို့တော် မိုင်ဂျာယန်ဘက်သို့ လက်နက်ကြီး ပစ်ခတ်မှုအများဆုံးဖြစ်ပြီး တပ်အင်အားလည်း မဒါးတပ်စခန်းထက် ပိုများသည်ဟု မဇ္ဓျိမ၏ မြေပြင်သတင်းအဖွဲ့က စုံစမ်းသိရှိထားသည်။

လွယ်ဂျယ်မြို့သည် KIA လိုင်ဇာဌာနချုပ်အနီး၌ရှိသော တရုတ် – မြန်မာ နယ်စပ်မြို့ မြို့နယ်တခုဖြစ်သလို ဗန်းမော်အထက် မိုးမောက်မြို့နှင့် ၄၈ မိုင်အကွာတွင် တည်ရှိနေသည်။

လွယ်ဂျယ်မြို့သည် တရုတ် – မြန်မာ နယ်စပ်၊ နယ်စပ်ကုန်သွယ်ရေးဇုန်တခု ဖြစ်ပြီး ယင်းဂိတ်မှ မန္တလေး၊ မကွေး၊ ပဲခူး အစရှိသည့် ဒေသများရှိ ကုန်သည်များက တရုတ်နှင့် ကုန်ကူးနေကြခြင်းလည်း ဖြစ်သည်။

၁၉၈၅ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် ဗကပနှင့် KIAပေါင်းပြီး ယောယုံစစ်တပ်စခန်းကို အကြီးအကျယ်တိုက်ခဲ့သော်လည်း တပ်စခန်းသိမ်းယူနိုင်ခဲ့ခြင်း မရှိပေ။

လက်ရှိတိုက်ပွဲအခြေအနေ အသေးစိပ်ကို ဆက်လက် စုံစမ်းနေဆဲ ဖြစ်သည်။

စာတည်း – သန့်ဇော်(သန်လျင်)