ချင်းနိုင်ငံရေး သဘောတူညီမှုအမြန်ဆုံးရရန် လမ်းပြမြေပုံလိုအပ် ဟုဆို

ချင်းညီနောင်တပ်ဖွဲ့နှင့် ချင်းအမျိုးသားတပ်မတော်တပ်ဖွဲ့ဝင်များ

ပါခွီး

(မဇ္စျိမ) ။ ။ ချင်းနိုင်ငံရေးအဖွဲ့အစည်းနှင့် ချင်းကာကွယ်ရေးအဖွဲ့များအကြား သဘောထားကွဲလွဲကာ စစ်ရေးအရ ထိပ်တိုက်တွေ့မည့်အခြေအနေတွင် ပြဿနာများပြေလည်ပြီး နိုင်ငံရေးသဘောတူညီမှုအမြန်ဆုံးရရန်အတွက် နိုင်ငံရေးလမ်းပြမြေပုံလိုအပ်ကြောင်း India for Myanmar တည်ထောင်သူ ဆလိုင်း ဒိုခါရ်က ပြောကြားသည်။

၎င်းက“နှစ်ဘက်စကားပြောလို့ရအောင် ပလက်ဖောင်းတခုဖော်ဖို့လိုတယ် ၊ အချိန်တိုတွင်း ပြန်လည်ပေါင်းဆည်းနိုင်ရေး နိုင်ငံရေးလမ်းပြမြေပုံလိုပါတယ်” ဟု ဆိုသည်။

ချင်းတော်လှန်ရေး ခြောက်ဖွဲ့နှင့် ဖွဲ့စည်းထားသော ချင်းညီနောင်အဖွဲ့က ၎င်းတို့အဖွဲ့ဝင်ဖြစ်သော ZFU/PDF Zoland နှင့် CNO/CNDF စသည့်နယ်မြေများ၌ မြို့သိမ်းတိုက်ပွဲများဆင်နွဲရန် ဗျူဟာပြင်ဆင်နေသည့် ကာလတွင် CNAနှင့် မဟာမိတ်များက စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေခြင်းသည် ဒေသအတွင်း ပဋိပက္ခကို ပိုမိုကြီးထွားစေပြီး အချင်းချင်းသွေးထွက်သံယိုမှုကို ဦးတည်စေသည်ဟု ထုတ်ပြန်ထားသည်။

ချင်းအမျိုးသား အချင်းချင်းကြား ထိပ်တိုက်ထိတွေ့မှု ရှောင်ရှားနိုင်ရန် အတန်တန် သတိပေးသည့်ကြားမှ ရှေ့ဆက်တိုး၍ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်ပါက ကျူးကျော်မှုမှန်သမျှကို အတူတကွပူးပေါင်းတုံ့ပြန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ချင်းညီနောင်အဖွဲ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ချင်းပြည်(ချင်းလဲန်း)မှာ သူစိုးမိုးနယ်မြေ ၊ ကိုယ့်စိုးမိုးနယ်မြေဆိုပြီး သီးသန့် ခွဲခြားလုပ်တာ CNF/A မှာ ပေါ်လစီမရှိပါဘူး ၊ ကျနော်တို့ အဓိက ဦးတည်ချက်က ချင်းတောင်မှာ စစ်ကောင်စီကင်းစင်ရေးနယ်မြေဖြစ်အောင်အားလုံးကတော့ လုပ်ရမှာဖြစ်ပါတယ်။ ကိုယ်ရဲ့ထိန်းချုပ်တဲ့နေရာဆိုတာမျိုး မစဥ်းစားသင့်တဲ့ အရာဖြစ်တယ်လို့မြင်တယ်” ဟု ချင်းအမျိုးသားတပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ က မဇ္စျိမ ကိုပြောသည်။

သို့သော် ဒေသတခုရှိ စစ်ကောင်စီတပ်စခန်းတိုက်ခိုက်မည်ဆိုပါက ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ညှိနှိုင်းလုပ်ဆောင်လေ့ရှိသည် ဟု ဆိုသော်လည်း အဆိုပါ ချင်းညီနောင်တပ်ဖွဲ့နှင့် CNA ဦးဆောင်သော ချင်းကာကွယ်ရေးတပ်ဖွဲ့ အကြား စစ်ကောင်စီတပ်ကို တိုက်ခိုက်ရေးတွင် သဘောထားအမြင်များကွဲလွဲနေခြင်းဖြစ်သည်။

အချင်းချင်းကြားပြန်လည်ပြေလည်စေရေးအတွက် နိုင်ငံရေးလမ်းပြမြေပုံရေးဆွဲရေးအစီအစဥ်ကို နှစ်ဘက်ဆွေးနွေးပြီး ယင်းမြေပုံတွင် နှစ်ဘက်ယုံကြည်မှုအားကောင်းစေနိုင်သည့် အပြန်အလှန်အလေးထားသင့်သော သဘောတူညီမှုများနှင့် အချိန်ကန့်သတ်ချက်ပါဝင်ကာ အများလက်ခံနိုင်သည့် ဖွဲ့စည်းပုံ(သို့မဟုတ်) နိုင်ငံရေး ဦးဆောင်ကောင်စီဖွဲ့စည်းနိုင်ရေး မူဘောင်မျိုးပါသင့်သည်ဟု ဆလိုင်ဒိုခါရ် က အကြံပြုသည်။

ယခုသဘောထားကွဲလွဲမှုများကို စစ်ရေးလှုပ်ရှားမှုအခြေခံပြီး ညှိနှိုင်းပါက အဆင်ပြေနိုင်ရန်နည်းပါးပြီး အဓိကအကြောင်းအရင်းဖြစ်သည့် ကောင်စီနှစ်ခု ၊ အစိုးရနှစ်ခုကဲ့သို့ဖြစ်နေသော နိုင်ငံရေးသဘောထားကွဲလွဲမှုကို ဖြေရှင်းနိုင်မှ စစ်ရေးကိစ္စများလည်း အလိုအလျောက်အဆင်ပြေသွားမည်ဖြစ်ကြောင်း သုံးသပ်သည်။

စစ်ရေးနိုင်ငံရေးဟန်ချက်ညီစေရန်လိုအပ်သော အခြေခံသဘောတူညီချက်မျိုး အမြန်ရှာဖွေကာ စစ်ကောင်စီအား အတူတကွတိုက်ထုတ်ပြီးနောက် ဒေသခံတော်လှန်ရေး အင်အားစုများက ဒေသန္တရအုပ်ချုပ်ရေးဖော်ဆောင်သောနည်းလမ်းဖြင့်လည်း ပဋိပက္ခများကို ကျော်လွှားနိုင်သည်ဟုဆိုသည်။

အကယ်၍ ယင်းနည်းလမ်းများအဆင်မပြေနိုင်ခဲ့သော် နိုင်ငံရေး ၊ စစ်ရေး သဘော မတူညီမှုများထားပြီး ကိုယ့်နယ်မြေဒေသတွင်များတွင် စစ်ရေးအောင်နိုင်ပြီးမှ နိုင်ငံရေးဆွေးနွေးခြင်းအားဖြင့် စည်းလုံးညီညွတ်မှုကို ပြန်လည်တည်ဆောက်နိုင်ကြောင်း ဆလိုင်းဒိုခါရ်က ၎င်း၏အမြင်ကိုပြောဆိုသည်။

ချင်းပြည်နယ်တွင် ချင်းကောင်စီ(CC) ကိုဖွဲ့စည်းပြီးနောက် ချင်းပြည်(ချင်းလဲန်း) အစိုးရကို ဖွဲ့စည်းခဲ့ရာ ချင်းအမျိုးသားတပ်မတော်(CNA) နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ များကထောက်ခံခဲ့သော်လည်း ယင်းဖွဲ့စည်းမှုကို လက်မခံသည့် ကြားကာလချင်း အမျိုးသာ အတိုင်ပင်ခံကောင်စီ(ICNCC) နှင့် တီးတိန် ၊ ဖလမ်း ၊ မင်းတပ် အပါအဝင် ကာကွယ်ရေးအဖွဲ့အချို့က လက်မခံဘဲ နှစ်ဖက်အကြား နိုင်ငံရေးသဘောထားကွဲလွဲကာ စစ်ရေးဖော်ဆောင်လာချိန်တွင် တင်းမာလာနေသည့် အခြေအနေဖြစ်သည်။

ယင်းသို့အခြေအနေအောက်တွင် ချင်းလူမှုအဖွဲ့အစည်းများ ၊ ဘာသာရေးအဖွဲ့အချို့ နှင့် ချင်းပြည်သူများက နှစ်ဖက်အကြား သဘောထားကွဲလွဲမှုမှသည် သွေးထွက်သံယိုများဖြစ်ပွားပြီး ညှိနှိုင်းမရနိုင်သောအခြေအနေများထိဖြစ်ပေါ်လာမည်ကို စိုးရိမ်လျက် ရှိနေသည်။

ချင်းပြည်နယ်တွင် ချင်းတော်လှန်ရေးအဖွဲ့များအားကောင်းပြီး စစ်ကောင်စီထောက်ပို့ယာဥ်တန်းများကို အကြိမ်ကြိမ်ချေမှုန်းနိုင်ခဲ့ကာ စစ်ကောင်စီတပ်သည် မြို့ပေါ်ရှိ တပ်စခန်းများ၌သာ တပ်စွဲထားလျက်ရှိကြောင်းသိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)အဖွဲ့များ