မြိုင်မြို့တွင် စစ်ကောင်စီတပ်က ဒေသခံ ၂ ဦးကိုသတ်ဖြတ် သွားဟုဆို

ပါခွီး

(မဇ္စျိမ) ။ ။ မကွေးတိုင်း ၊ မြိုင်မြို့နယ် အတွင်း စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးစခန်းတခုကို ဝင်ရောက်စီးနင်းမီးရှို့ဖျက်ဆီးပြီးနောက် အနီးတွင်ရှိသော ကျေးရွာမှ ဒေသခံအမျိုးသား နှစ်ဦးကို သတ်ဖြတ်သွားကြောင်း နွေဦးတော်လှန်ရေး (မြိုင်မြို့) အဖွဲ့က ကိုဇိုးအီ ကပြောသည်။

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁) မှ ထွက်လာသော အင်အား ၈၀ခန့်ပါသည့် စစ်ကောင်စီတပ်ဖွဲ့သည် မြိုင်မြို့နယ်တောင်ပိုင် ကံသစ်ကျေးရွာအနီးရှိ ပြည်သူ့ကာ ကွယ်ရေးစခန်းတခုကို ယမန်နေ့( မေလ ၈ရက်) နံနက် ၅နာရီ ၂ မိနစ်အချိန်တွင် ဝင်ရောက်စီးနင်းကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည် ကံသစ်ရွာအတွင်းဝင်ရောက်ကာ ဖမ်းဆီးထားသည့် ဒေသခံများထဲမှ အသက်၄၀ ဝန်းကျင်အရွယ်ရှိ ဦးနန်းအောင်နှင့် ဦးအောင်ဇော်ဦးတို့ကို နှိပ်စက်ပြီး သေနတ်ဖြင့် ပစ်သတ်သွားခဲ့ကြောင်းသိရသည်။

၎င်းအပြင် လူနေအိမ် ၁၃လုံးကို မီးရှို့ဖျက်ဆီးကာ ကျေးရွာအတွင်းရှိ ဆိုင်ကယ် ရှစ်စီး နှင့် ကားနှစ်စီးကို ယူဆောင်၍ ရွာခံ ၂၀ဦးကို ကန်တော်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

“ကျနော်တို့ဆီမှာတော့ စစ်ကြောင်းဝင်လာရင် ပြည်သူပိုင်ပစ္စည်းတွေယူတယ်၊ နေအိမ်တွေမီးရှို့တယ် ၊ လူလတ်ပိုင်းတွေဆိုရင် PDF ဆိုပြီး စွပ်စွဲနှိပ်စက်သတ်ဖြတ် တတ်တာပေါ့ ၊ အခုသူတို့တပ်စခန်းနဲ့နီးတော့ သတင်းရတာရှိပြီး ဝင်စီးနင်းတာ ဖြစ်မယ်” ဟု ကိုဇိုးအီ က မဇ္စျိမကိုပြောသည်။
ပခုက္ကူမှထွက်လာသည့် စစ်ကောင်စီတပ်သည့် ကံသစ်ရွာနှင့် သုံးမိုင်ခွဲအကွာတွင်ရှိသော ပခုက္ကူမြို့နယ် ကန်တော် ကျေးရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းတွင် ညအိပ်ခဲ့ပြီး နံနက်အစောပိုင်း၌ ရုတ်တရက်ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည် ဟု ဆိုသည်။

စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် ပြည်သူ့ကာကွယ်ရေးစခန်းရှိ ခဲယမ်းများစွာနှင့် ငွေသား ကျပ်သိန်း ၈၀၀ ကျော် ဆုံးရှုံးခဲ့သော်လည်း ရဲဘော်များအချိန်မီရှောင်တိမ်းနိုင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ယူဆောင်သွားသော ကားနှစ်စီးကို ကာကွယ်ရေးတပ်ဖွဲ့များ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ပျက်စီးကာ လမ်းပိုင်းတနေရာတွင်ထားခဲ့ကြောင်းလည်း သိရသည်။

အဆိုပါတိုက်ခိုက်မှုတွင်စစ်ကောင်စီတပ်သားထိခိုက်သေဆုံးမှုနှင့် ဖမ်းဆီးခံထားရသော ဒေသခံများ၏ အခြေအနေများကို မသိရှိရသေးကြောင်း ကိုဇိုးအီ က ပြောသည်။

မေလ ၈ရက် ည ၁၁ နာရီအချိန်ကလည်း ပခုက္ကူခရိုင် ၊ ပေါက်မြို့နယ်ပေါ်ရှိ စစ်ကောင်စီတပ်စခန်းမှ အုန်းတောတောင်စုရွာ နှင့် ယာကြီးပြင်ရွာအကြားသို့ လက်နက်ကြီး ၁၅လုံးထက်မနည်း ပစ်ခတ်ခဲ့သေးကြောင်းသိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)