Rope climbing ဖြင့် အီဖယ်မျှော်စင်ပေါ် တက်ပြီး ကမ္ဘာ့စံချိန်ကို ချိုးဖျက်ပြတဲ့ ပြင်သစ်အားကစားမယ်

Photos: AFP

By PKThawn

ပြင်သစ်အားကစားမယ်တဦးဟာ သူမနိုင်ငံရဲ့ အထင်ကရအဖြစ်ဆုံး နေရာတခုမှာ ဝံ့ကြွားစွာနဲ့ ကမ္ဘာ့စံချိန်တရပ်တင်ပြနိုင်ခဲ့ပါတယ်။

အာနူခ် ဂါနီယာဟာ အမျိုးသား၊ အမျိုးသမီးရဲ့ Rope-climbing အတွက် ကမ္ဘာ့စံချိန်ကို အီဖယ်မျှော်စင်မှာ ချိုးဖျက်ခဲ့တာပါ။ ကမ္ဘာ့ချန်ပီယံ နှစ်ကြိမ်ရ အသက် ၃၄ နှစ်အရွယ် အတားအဆီးဖြတ်ကျော်ပြေးသမား (obstacle course racer)ဟာ မြေပြင်ကနေ ၁၁၀ မီတာ (၃၆၁ ပေနီးပါး) အမြင့်အထိ ၁၈ မိနစ်အတွင်း မျှော်စင်ရဲ့ ဒုတိယအထပ်ကို ကြိုးတန်းတွယ်တက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဂါနီယာဟာ ပြီးခဲ့တဲ့ လေးနှစ်က ဂျိုဟန်နက်စ်ဘတ်ရှိ ဆိုဝေတို မျှော်စင်တွေအကြား ယင်းရဲ့မီတာ ၉၀ အကွာကို ကြိုးတန်းတက်ခဲ့တဲ့ တောင်အာဖရိကက သောမတ်ဗန်တိုဒါရဲ့ အရင်စံချိန်ကို ချိုးဖျက်ခဲ့တာပါ။ သူမဟာ အမျိုးသမီးအတန်းမှာတော့ ဒိန်းမတ်က အီဒါ မာတိန်ဒါ စတင်းစ်ဂတ်ရဲ့ ၂၆ မီတာကို ကျော်ဖြတ်ခဲ့ပါတယ်။

“ကျမ အိပ်မက်တွေ တကယ်ဖြစ်လာပါပြီ။ ဒါဟာ မှော်ဆန်ပါတယ်”လို့ ဂါနီယာက The Guardian ကတဆင့် ပြောပါတယ်။ “”အလုပ်ပြီးမြောက်အောင်လုပ်ဖို့ ကျမရဲ့စိတ်ပိုင်းဖြတ်ချက်က ကျမ ဘယ်တုန်းကမှ မေးခွန်းမထုတ်ဖူးတဲ့အရာတခုပါ။”

“ကျမ မသိတော့ပါဘူး၊ တကယ်ပဲ ရူးချင်စရာကောင်းတယ်၊ လုပ်သွားနိုင်တာကိုက မယုံနိုင်စရာပါပဲ။ တကယ့် ရူးသွပ်မှုပါ။ ဒီအခိုက်အတန့်ကို ကျမ တကယ် မြင်ယောင်ပြီး အောင်မြင်ဖို့ အရမ်းကြိုးစားခဲ့ရတာ တနှစ်လောက်ရှိပါပြီ။ တကယ်ဖြစ်သွားတာတောင် မယုံနိုင်အောင်ဖြစ်နေတယ်”

စံချိန်တင်မှတ်တမ်းနဲ့အတူ ဂါနီယာဟာ သူမရဲ့ နှလုံးသားနဲ့ နီးစပ်တဲ့အခြင်းအရာတခုဖြစ်တဲ့ ပြင်သစ် ကင်ဆာရောဂါတိုက်ဖျက်ရေးအဖွဲ့အတွက် ရန်ပုံငွေရှာဖွေဖို့ ဒီအခွင့်အရေးကို အသုံးချခဲ့ပါတယ်။

“ကျမအမေမှာ ကင်ဆာရောဂါရှိနေတယ်။ ကင်ဆာသုတေသနကို ကူညီဖို့ နှလုံးသားနဲ့ နီးစပ်တဲ့ အခြင်းအရာကောင်းတခုအတွက် ကျမရဲ့ ကန့်သတ်ချက်တွေကို ကျော်ဖြတ်ဖို့က ကျမအတွက် အရေးကြီးပါတယ်”လို့ Yahoo ကတဆင့် ပြောပါတယ်။

စံချိန်တင်ထားသူနဲ့ ကမ္ဘာ့ချန်ပီယံ နှစ်ကြိမ်ရှင်ဖြစ်သူ ဂါနီယာဟာ ဇူလိုင် ၂၆ ရက်မှာ ကျင်းပမယ့် ၂၀၂၄ ပါရီအိုလံပစ်ဖွင့်ပွဲအခမ်းအနားမတိုင်ခင် မေလမှာ မာဆေးမြို့မှာ အိုလံပစ်မီးရှူးတိုင်ကို သယ်ဆောင်သွားမှာဖြစ်ပါတယ်။

Ref; AFP, NBC Bay Area