သရက်ချောင်းမြို့မှာ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲရာ ကလေးငယ် ၂ ဦး သေဆုံး ၈ ဦးဒဏ်ရာရ

စကစက လေယာဉ်နဲ့ ဗုံးကြဲမှုကြောင့် တိုက်နယ်ဆေးရုံထိခိုက်ပျက်စီးမှုပုံအားတွေ့ရစဉ်။

ကိုရွှေမြိတ်

(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ကနက်သီရွာရှိ နတ်ဆိရွာကို စစ်ကောင်စီက ယမန်နေ့ (မေ ၈ ရက်နေ့) ညနေ ၅ နာရီခန့် အချိန်တွင် လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘောလုံးကန် ဆော့ကစားနေသည့် ကလေးငယ် နှစ်ဦး သေဆုံးကာ ရှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ စစ်ကောင်စီတပ်က သရက်ချောင်းမြို့နယ် ကနက်သီရီကျေးရွာ၏ လယ်ကွင်းစပ်မှ လေယာဉ်က စက်သေနတ်ဖြင့် စတင်ပစ်ခတ်ခဲ့ပြီးနောက် ကျေးရွာစာသင်ကျောင်းအနီးအရောက်တွင် ဗုံးသီးများ ထပ်မံပစ်ချခဲ့၍ ကလေးများက ထိခိုက်သေဆုံးသည့်အပြင် ရငဲကျေးရွာရှိ တိုက်နယ်ဆေးရုံ ဆေးရုံတရုံလုံး ထိခိုက်ပျက်စီးကာ အရပ်သား နေအိမ် တလုံးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ကနက်သီရီရွာခံ တဦးက“စာသင်ကျောင်း နံဘေးက ဘောလုံးကွင်းမှာ ကလေးတွေ ဆော့ကစားနေတဲ့ အချိန်မှာ လေယာဉ် ဗုံးနဲ့ ကြဲခံရတာပါ၊ တိုက်နယ် ဆေးရုံမှာတော့ လူမရှိဘူးပေါ့”ဟု ပြောသည်။

လက်ရှိတွင် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁၆ နှစ်အရွယ်ရှိ ရွာခံကလေးငယ် နှစ်ဦးဖြစ်သော မောင်ပိုင်စိုးသူနှင့် မောင်ဟိန်းပြည့်ဖြိုးတို့ နှစ်ဦး သေဆုံးခဲ့ပြီး ကျန်အတူ ဆော့ကစားနေသည့် ကလေးငယ် ရှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိမှုများကြောင့် ဆေးကုသမှု ခံယူနေရကြောင်း ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။

စကစက လေယာဉ်နဲ့ ဗုံးကြဲမှုကြောင့် သေဆုံးကလေးငယ် နှစ်ဦး ပုံအားတွေ့ရစဉ်။

သရက်ချောင်းမြို့နယ် မြိတ်-ထားဝယ် ကားလမ်းပေါ်က စစ်ကောင်စီရဲ့ ပဲဒက်စခန်းကုန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်( KNLA) နှင့် တော်လှန်ရေး ပူးပေါင်းအဖွဲ့များက ယင်းနေ့ မေ ၈ ရက်နေ့ နံနက်ပိုင်းက စခန်းသိမ်းတိုက်ပွဲအဖြစ် အပြီးသတ်သိမ်းယူလိုက်ပြီးနောက် စစ်ကောင်စီတပ်သား ၂၀ ကျော်ကို အရှင်ဖမ်းဆီးနိုင်ခဲ့သလို လက်နက် ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ကြောင်း KNLA၏ ထုတ်ပြန်ချက်များ အရ သိရသည်။

ထိုအတူ တနင်္သာရီတိုင်းအတွင်းရှိ တနင်္သာရီ-ဘုတ်ပြင်း လမ်းပိုင်းက (၁၀၂၀)မိုင်တိုင် အနီးတွင် BLACK COBRA Column နှင့် တော်လှန်ရေး ပူးပေါင်းအဖွဲ့က တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်ဘက်က ထိခိုက် ကျဆုံးမှုများကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရယူနိုင်ခဲ့ကြောင်း BLACK COBRA Column အဖွဲ့က မေ ၈ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

စာတည်း – သန့်ဇော်(သန်လျင်)