စစ်ကောင်စီ စခန်း ၆ ခုကို AA သိမ်းပိုက်၊ စစ်ကောင်စီတပ်သား ၅၀၀ ကျော် သေဆုံး

မဇ္ဈိမ။ ။ ရခိုင်ပြည်နယ်တွင် ဇွန်လ ပထမပတ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၅၀၀ ကျော်သေဆုံးပြီး မောင်တောမြို့နယ်ရှိ စစ်ကောင်စီ စခန်း ခြောက်ခုကို AA က သိမ်းပိုက်ရရှိထားကြောင်း သိရသည်။

ယမန်နေ့ (ဇွန်လ ၇ ရက်)တွင် အာရက္ခတပ်တော် (AA) က သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး မောင်တော၊ သံတွဲနှင့် အမ်း မြို့နယ်များအတွင်း ပြင်းထန်တိုက်ပွဲ ဖြစ်ပွားလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

တိုက်ပွဲများအတွင်း AA တပ်ဖွဲ့ဝင်များ မျက်မြင် နှင့် ၎င်းတို့ ဖမ်းဆီးထားသော သုံ့ပန်းများအဆိုအရ စစ်ကောင်စီတပ်သား ၄၀၀ ကျော် သေဆုံးခဲ့ပြီး သေဆုံးသူများတွင် တိုက်ပွဲအတွင်းမှ ထွက်ပြေး၍ ကျောက်ပန္ဒူကမ်းခြေ၊ အလယ်သံကျော်ကမ်းခြေ၊ ဥဒေါင်းချောင်းနှင့် ဘင်္ဂလားပင်လယ်အော်အတွင်း ရေနစ်သေဆုံးသူများ ပါဝင်ကြောင်း ဖော်ပြထားသည်။ ထို့ပြင် အမ်းနှင့် သံတွဲတွင် ဖြစ်ပွားခဲ့သည့်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၁၀၀ ထက်မနည်းသေဆုံးကြောင်းAA ကဆိုသည်။

AA သိမ်းပိုက်ခဲ့သည့် မောင်တောမြို့နယ်မှ စစ်ကောင်စီစခန်းများမှာ ဇွန်လ ၂ ရက်တွင် တာဝါတိုင်စခန်း၊ဇွန်လ ၃ ရက်တွင် ကျောက်ပန္ဒူစခန်း၊ ဇွန်လ ၄ ရက်တွင် ခွဆုံပြင်စခန်းနှင့် မြင်းလွှတ်စခန်း ဇွန်လ ၆ ရက်တွင် အင်းဒင် (သို့) နခခ(၆) စခန်းနှင့် ဇွန်လ ၇ ရက်တွင် နခခ (၉) တို့ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားရာ သာယာကုန်းရွာပတ်ဝန်းကျင်မှ ရွာသား ငါးဦးကို လူသားဒိုင်းကာအဖြစ်ဖမ်းဆီးခဲ့ရာ တဦးသာ ပြန်လွှတ်မြောက်လာကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုများကို အဓိက ပြုလုပ်နေပြီး လူမျိုးရေးပဋိပက္ခများ ဖြစ်ပွားရန် ရည်ရွယ်ချက်ရှိရှိဆောင်ရွက်နေကြောင်းလည်း AAက ဆိုသည်။

စာတည်း။ ။အောင်ကျော်ဖြိုး