စစ်ကောင်စီ ဒု-ခေါင်းဆောင် စိုးဝင်း လူမြင်ကွင်းမှပျောက်နေသည်မှာ ၁၀ ရက်ကျော်ရှိလာ

001

(မဇ္ဈိမ)။ ။စစ်ကောင်စီ ဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် နေပြည်တော်တွင် ပုံမှန် တက်ရောက်လေ့ရှိသော သင်္ကြန်ဖွင့်ပွဲ အခမ်းအနားများသို့လည်း မတက်ရောက်ဘဲ လူမြင်ကွင်းမှ ပျောက် ကွယ်နေသည်မှာ ၁၀ ရက်ကျော်ရှိလာပြီဖြစ်သည်။

ဧပြီလ ၁၃ ရက်နေ့က နေပြည်တော်မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲ အခမ်းအနား၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစု ရေကစားမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားတို့ အား စစ်ကောင်စီ ဒု-ခေါင်းဆောင် မပါဝင်ဘဲ ဖွင့်လှစ်ခဲ့သည်။

၂၀၂၂ ခုနှစ် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြီး၊ ရေ၊ လေ) ရေကစားမဏ္ဍပ်ဖွင့်ပွဲ၊ ၂၀၂၃ ခုနှစ် ကာကွယ်ရေးဦး စီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)ရေကစားမဏ္ဍပ်ဖွင့်ပွဲနှင့် နေပြည်တော်မြို့တော်ဝန်မဟာသင်္ကြန်ဖွင့်ပွဲနှင့် လမ်းလျှောက်သင်္ကြန် ဖွင့်ပွဲအခမ်းအနားများတွင် ၎င်းအား မြင်တွေ့ရလေ့ရှိသည်။

ယခုနှစ်တွင်မူ အဆိုပါအခမ်းအနားများ၌ စစ်ကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်း ဒွေး၊ စစ်ကောင်စီဝင် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင် မောင်အေး၊ စစ်ကောင်စီလက်အောက်ခံဝန်ကြီးများနှင့် စစ်ဘက်အရာရှိအချို့သာ တက်ရောက်ခဲ့သည်ကို တွေ့ရသည်။

ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းအား ဧပြီလ ၃ ရက်နေ့က ဗိုလ်သင်တန်းကျောင်း (ဗထူး) စစ်ရေးပြကွင်းတွင် ဗိုလ်လောင်းသင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနား၌ မိန့်ခွန်းပြောဆိုခဲ့ပြီးနောက် စစ်ကောင်စီလက်အောက်ခံသတင်းစာများတွင် ၎င်းနှင့်ပတ်သက်သည့် သတင်းဖော်ပြချက်များမတွေ့ရတော့ခြင်းဖြစ် သည်။

ဧပြီလ ဒုတိယပတ်က ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း မော်လမြိုင်ရောက်ရှိနေစဥ် ဒရုန်းဖြင့်တိုက်ခိုက်ခံရ ပြီး ဆေးကုသနေရကြောင်း သတင်းအချို့လည်းထွက်ပေါ်ခဲ့သော်လည်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက BBC Burmese သို့ ဧပြီလ ၁၀ ရက်နေ့က ဖြေကြားချက်တခုတွင် “ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်တွေကို ပုံမှန်ထမ်းဆောင်နေပါတယ်”ဟု ဖြေကြားခဲ့သည်။

ပြီးခဲ့သည့် ဧပြီလ ၈ ရက်နှင့် ၉ ရက်နေ့တို့တွင် စစ်ကောင်စီ ဒုခေါင်းဆောင် ရောက်ရှိနေသည့် မော်လမြိုင် အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ)တိုင်းရုံးကို ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့၏ Alpha Bats တပ်ခွဲက ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဧပြီလ ၉ ရက်နေ့ ရတခတိုင်းရုံးတွင် အစည်းအဝေးလုပ်နေစဉ် ကာမီကာဇေဒရုန်းဖြင့် တိုက်ခိုက်မှုတွင် ထိခိုက်ဒဏ်ရာရရှိသူ ၃၀ ကျော်ရှိပြီး ထိုအထဲတွင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းပါဝင်နိုင်ကြောင်းလည်း ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

“စစ်ကောင်စီဒုခေါင်းဆောင်စိုးဝင်းအပါအဝင် စစ်ခေါင်းဆောင်များအထူးအစည်းအဝေးလုပ်နေစဥ် ရှာထူး ဝေါ်တပ်ဖွဲ့ဝင်များက ဒုတိယအကြိမ်မြောက် ကာမီကာဇေဒရုန်းများဖြင့်တိုက်ခိုက်မှုမှာ ဒဏ်ရာရစာရင်း တွင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ဒုဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေတို့ ပါဝင်နေနိုင်ကြောင်းသိရပြီး ဗိုလ်ချုပ် တဦး၊ ဗိုလ်မှူးချုပ်တဦးအပါအဝင် အကြီးပိုင်းခြောက်ဦး ပြင်းထန်ဒဏ်ရာရပြီး ၎င်းတို့ထဲမှ သုံးဦး ယနေ့ည သေဆုံးသွားခဲ့ပြီလို့လည်း သတင်းရင်းမြစ်များထံမှ သိရသည်” ဟု ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့က ဧပြီလ ၉ ရက်နေ့ ညပိုင်းက ထုတ်ပြန်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုတွင် ထိခိုက်သေဆုံးမှုအခြေအနေများနှင့်ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ် ပြန်ခြင်းမရှိသကဲ့သို့ မဇ္ဈိမအနေဖြင့်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။