ချယ်လ်ဆီးကို တရာသီကြာ ကိုင်တွယ်ပြီးနောက် ပိုချက်တီနို ထွက်ခွာ

မော်ရီစီယို ပိုချက်တီနိုဟာ ချယ်လ်ဆီးအသင်းကို တရာသီကြာ ကိုင်တွယ်ပြီးနောက် ထွက်ခွာသွားပြီလို့ ပရီးမီးယားလိဂ်ကလပ်က အင်္ဂါနေ့မှာ ကြေညာခဲ့ပါတယ်။

အသက် ၅၂ နှစ်အရွယ် ပိုချက်တီနိုဟာ ဇူလိုင်လ ၁ ရက်မှာ ချယ်လ်ဆီးကို ကိုင်တွယ်ခဲ့ပြီး နောက်ထပ်တနှစ်သက်တမ်းတိုးခွင့်နဲ့အတူ နှစ်နှစ်စာချုပ်ကို ချုပ်ဆိုခဲ့တာပါ။

အပြာရောင်ခြင်္သေ့တို့ဟာ ရာသီကုန်ပိုင်း အားကောင်းခဲ့တာကြောင့် ပရီးမီးယားလိဂ်မှာ အဆင့် (၆) နဲ့ ပြီးဆုံးခဲ့ပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ဆုဖလားတလုံးတို့ကို လွဲချော်ခဲ့ပါတယ်။

“ကလပ်နဲ့ မော်ရီစီယို ပိုချက်တီနိုတို့ နှစ်ဦးနှစ်ဖက် လမ်းခွဲဖို့ သဘောတူကြောင်း ချယ်လ်ဆီးအနေနဲ့ အတည်ပြုနိုင်ပါတယ်”လို့ အသင်းရဲ့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။

LA Dodgers ပူးတွဲပိုင်ရှင် တော့ဘိုလေနဲ့ ပုဂ္ဂလိက အစုရှယ်ယာအဖွဲ့ Clearlake Capital တို့က ဦးဆောင်တဲ့ အမေရိကန်လုပ်ငန်းစုတခုရဲ့ ပိုင်ဆိုင်မှုအောက်မှာ နှစ်နှစ်အတွင်း ချယ်လ်ဆီးဟာ ကစားသမားသစ်တွေအတွက် ပေါင် တဘီလီယံ (ဒေါ်လာ ၁.၃ ဘီလီယံ) ကျော်သုံးစွဲခဲ့ပါတယ်။

အများစုကို တက်သစ်စလူငယ်ကြယ်ပွင့်တွေကို ခေါ်ယူရာမှာ သုံးစွဲခဲ့ပြီး တသမတ်တည်းရလဒ်တွေ မအောင်မြင်မှုအတွက် အတွေ့အကြုံမရှိခြင်းနဲ့ ဒဏ်ရာရလူစာရင်းများပြားခြင်းကို ပိုချက်တီနိုက ထောက်ပြခဲ့ပါတယ်။

ချယ်လ်ဆီးဟာ လိဂ်ဖလားဗိုလ်လုပွဲမှာ လီဗာပူးလ်ကို အချိန်ပိုအပြီးမှာ ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့သလို မန်ချက်စတာစီးတီးကို FA ဖလား ဆီမီးဖိုင်နယ်မှာ အလားတူဂိုးရလဒ်နဲ့ပဲ အရေးနိမ့်ခဲ့ပါတယ်။

ဒါပေမယ့် ပိုချက်တီနိုရဲ့ ပရောဂျက်ဟာ ရာသီကုန်ပိုင်းမှာ ချယ်လ်ဆီးကို ငါးပွဲဆက်တိုက် အနိုင်ရအောင် စွမ်းဆောင်ကာ နောက်ရာသီ ဥရောပဝင်ခွင့်အတွေက် ကောင်းမွန်တဲ့ အနေအထားဖြစ်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်က FA ဖလားဖိုင်နယ်မှာ စီးတီးကို ရှုံးနိမ့်ခဲ့မယ်ဆိုရင် ချယ်လ်ဆီးတို့ဟာ ယူရိုပါလိဂ်ဝင်ခွင့်ရမှာဖြစ်ပြီး တကယ်လို့ သရဲနီတွေက ပရီးမီးယားလိဂ်ချန်ပီယံတွေကို ရှော့ခ်ရစေခဲ့မယ်ဆိုရင်တော့ အပြာရောင်တွေဟာ ကွန်ဖရင့်လိဂ်ဝင်ခွင့်သာရမှာဖြစ်ပါတယ်။

“ဒီဘောလုံးကလပ်သမိုင်းမှာ ပါဝင်ခွင့်ရတဲ့အတွက် ချယ်လ်ဆီးအသင်းပိုင်အဖွဲ့နဲ့ အားကစားဒါရိုက်တာတွေကို ကျေးဇူးတင်ရှိပါတယ်”လို့ ပိုချက်တီနိုက ပြောပါတယ်။

“ကလပ်ဟာ နောင်လာမယ့်နှစ်တွေမှာ ပရီးမီးယားလိဂ်နဲ့ ဥရောပကို ရှေ့ဆက်သွားဖို့ လက်ရှိအချိန်မှာ ကောင်းမွန်တဲ့ အနေအထားဖြစ်နေပါပြီ။”

ချယ်လ်ဆီး အားကစားဒါရိုက်တာတွေဖြစ်တဲ့ လော်ရန့်စတီးဝပ်နဲ့ ပေါလ်ဝင်စတန်လေတို့က “ဒီရာသီမှာ သူ့ရဲ့ ထမ်းဆောင်မှုအတွက် မော်ရီစီယိုကို ချယ်လ်ဆီးမှာရှိတဲ့ လူတိုင်းကိုယ်စား ကျေးဇူးတင်ကြောင်း ပြသချင်ပါတယ်။

“အချိန်မရွေး သူပြန်လာတာကို စတန်းဖို့ဒ်ဘရစ်ချ်ကနေ ကြိုဆိုမှာဖြစ်ပြီး သူ့ရဲ့အနာဂတ် နည်းပြဘဝမှာ အကောင်းတကာ့ အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။”

(AFP)