ဩစတြေးလျတွင် အသက် ၆၃ နှစ်အရွယ် အမျိုးသမီးကြီး ငါးမန်းကိုက်ခံရပြီး သေဆုံး

Daily Mail

ဩစတြေးလျနိုင်ငံ၊ နယူးဆောက်ဝေးပြည်နယ်၏ ကမ်းခြေတခုတွင် အမျိုးသမီးကြီးတဦး ရေကူးနေစဉ် ငါးမန်းတကောင်၏ ဆွဲယူကိုက်ဖဲ့ခြင်းကို ခံရပြီးနောက် သေဆုံးခဲ့ရသည်။

အသက် ၆၃ နှစ်အရွယ် ခရစ္စတင်း အန်းစ်ထရောင်းသည် အခြားလူငါးဦးပါ အဖွဲ့အုပ်စုတစုနှင့်အတူ ရေကူးနေခဲ့စဉ် သူမသည် အဖွဲ့နှင့် သီးခြားကွဲသွားချိန် ငါးမန်း၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။

အဆိုပါ စိတ်မကောင်းဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်သည် ၂၀၁၄၊ ဧပြီ ၃ ရက် မနက်ပိုင်းက ဖြစ်ခဲ့ခြင်း ဖြစ်ပြီး ကမ်းခြေမှ ပေ ၃၂၀ ခန့်အကွာတွင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်ကို ရေထဲ၌ ရေကူးနေသူများနှင့် အနီးအနား ဆိပ်ခံတံတားတွင် ရှိသူများက မျက်မြင်တွေ့ခဲ့ကြသည်။

အရှည် ၁၀ ပေ-၁၃ ပေ ခန့်ရှိ ငါးမန်းတကောင်ကို တိုက်ခိုက်မှုမဖြစ်မီ ရေပြင်အနီးတွင် တွေ့ခဲ့ကြောင်း အခင်းနေရာတွင် ရှိခဲ့သူများက ပြောသည်။

ငါးမန်း၏ ဆွဲယူကိုက်ဖြတ်စားခြင်းကို ခံခဲ့ရသည့် မစ္စ အက်စ်ထရောင်းသည် Tathra မြိုခံတဦးဖြစ်ပြီး ရေကူးခြင်းကို စိတ်အားထက်သန်သူဖြစ်ကာ သူမအသက် ၁၉ နှစ်အရွယ်က ခင်ပွန်းဖြစ်သူ ရော့ဘ်နှင့်လက်ထပ်ခဲ့သူဖြစ်သည်။

သူမကို လူအများက ချစ်ခင်ခဲ့ကြပြီး ဝမ်းနည်းစွာ လွမ်းဆွတ်သတိရနေလိမ့်မည် ဖြစ်ကြောင်း သူမ၏ မိသားစုက ထုတ်ပြန်ချက်တစောင် ထုတ်ပြန်ခဲ့သည်။