ချောင်ဦးတွင် စစ်ကောင်စီတပ်သားများကိုတိုက်ခိုက်မှု ၂ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရမိ

ပုံအညွှန်း - သိမ်းဆည်းရမိသည့် လက်နက်များ(ဓါတ်ပုံ - Brave Heart Army)

ပုံအညွှန်း – သိမ်းဆည်းရမိသည့် လက်နက်များ(ဓါတ်ပုံ – Brave Heart Army)

ပါခွီး

(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ မီးသတ်ရုံးမှ စစ်ကောင်စီတပ်သားများကိုတိုက်ခိုက်ခဲ့ရာ နှစ်ဦးသေ ဆုံးပြီး သေနတ်နှစ်လက်နှင့် ခဲယမ်းအချို့သိမ်းဆည်းရခဲ့ကြောင်း Brave Heart Army(BHA) က ယနေ့ (မေလ ၂၂ ရက်) ထုတ်ပြန်သည်။

ချောင်းဦးမီးသတ်ရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သား ၁၀ ဦးခန့်အနက် သုံးဦးသည် မုံရွာဘက် မှထွက်ခွာလာသည့် ကြေးနီသယ်ကားများလုံခြုံရေးပေးရန်နှင့် မိုင်းရှင်းရန်ထွက်လာစဥ် မေလ ၂၁ ရက် နေ့က တိုက်ခိုက်ခံရခြင်းဖြစ်သည်။

“ကျနော်တို့ သူတို့ထွက်လာတာသိလို့ ချုံခိုတိုက်ခဲ့တာပါ။ နှစ်ယောက်သေပြီး သူတို့ရဲ့သေနတ်တွေကို ယူပြီး ဆုတ်ခဲ့ကြတာပါ” ဟု BHA တာဝန်ရှိသူတဦးက မဇ္စျိမကိုပြောသည်။

ပစ်ခတ်တိုက်ခိုက်မှု ၁၀ မိနစ်အတွင်း စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးပြီး ၎င်းတို့ကိုင်ဆောင်သော MA 11 သေနတ်နှစ်လက်၊ ကျည်ဘောက်သုံးခု၊ လက်ပစ်ဗုံးတလုံး၊ ကျည်ဆန် ၄၀ တောင့် သိမ်းဆည်းရမိခဲ့ ကြောင်း သိရသည်။

ယင်းသို့ တိုက်ခိုက်ခံရပြီးနောက်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပတ်ဝန်းကျင်သို့ ရမ်းသန်း ပစ်ခတ်ခဲ့ပြီး အနီးနားရှိ လက်ဖက်ရည်ဆိုင်ကို မီးရှို့ခဲ့ကြောင်း BHA တာဝန်ရှိသူက ဆက်ပြောသည်။

ယခုစစ်ဆင်ရေးဖော်ဆောင်နိုင်ရေးအတွက် သေနတ်ငှားပေးသည့် Monywa Special ဒိတ်ဒိတ်ကြဲနှင့် Youth Revolution Attack Force တို့အား ကျေးဇူးတင်ကြောင်း BHA က ထုတ်ပြန်အသိပေးထားသည်။

တိုက်ပွဲများ ဆက်လက်ဖော်ဆောင်နိုင်ရေးအတွက် လက်နက်ခဲယမ်းများလိုအပ်နေသဖြင့် မိဘပြည်သူ များအနေဖြင့် ပါဝင်ကူညီပေးကြပါရန်လည်း မေတ္တာရပ်ခံထားသည်။

မေလ ၇ ရက်နေ့ကလည်း မုံရွာမြို့နယ် ဗောဓိတထောင်တာဝါတိုင်တွင်တပ်စွဲထားသည့် စစ်ကောင်စီ တပ်မှ ရေခပ်ဆင်းလာသူလေးဦးကို BHA တပ်ဖွဲ့က စောင့်ကြိုတိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးပြီး တဦး ဒဏ်ရာအပြင်းထန်ရခဲ့ကာ G3 တလက်နှင့် ကျည်အချို့သိမ်းဆည်းရခဲ့ကြောင်း သိရသည်။

စာတည်း။ ။စောဖေ