ကောလင်းတွင် စစ်ကောင်စီတပ်လှည့်ကင်းအား တိုက်ခိုက်မှု ၁ ဦးသေဆုံး

ပုံအညွှန်း ။ ။ မေလ ၂၂ရက်နေ့တွင်ကောလင်းမြို့နယ်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခဲ့ရာမှ သိမ်းဆည်းရရှိထားသော သေနတ်နှင့် ကျည်ဆန်အချို့ [ဓာတ်ပုံ။ ။ ကောလင်းခရိုင်၊ တပ်ရင်း (၂)]

ပုံအညွှန်း ။ ။ မေလ ၂၂ရက်နေ့တွင်ကောလင်းမြို့နယ်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခဲ့ရာမှ သိမ်းဆည်းရရှိထားသော သေနတ်နှင့် ကျည်ဆန်အချို့ [ဓာတ်ပုံ။ ။ ကောလင်းခရိုင်၊ တပ်ရင်း (၂)]

ကိုခင်မောင်

(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့မှ ကျေးရွာများဘက်သို့ ကင်းလှည့်ထွက်လာသော စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ တဦးသေဆုံးပြီး သေနတ် တလက် သိမ်းဆည်းရရှိထားကြောင်း ကောလင်းခရိုင်၊ တပ်ရင်း(၂)မှ မေလ ၂၄ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မေလ၂၂ရက်နေ့တွင် ကောလင်းမြို့အနောက်မြောက်ဘက် တမိုင်ခန့်အကွာရှိကြာအင်းရွာအနီးရှိ တောစပ်တနေရာသို့ ကင်းထိုးထွက်လာသော စစ်ကောင်စီတပ်သား ငါးဦးကို ကောလင်းခရိုင် တပ်ရင်း(၂) ရဲဘော်များမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကင်းထိုးလာတာကို တိုက်လိုက်တာပါ။ လက်ရှိဘာမှ ဆက်မဖြစ်သေးဘူး။ ချောင်းနေတုန်း တက်လာရင် ဆော်မှာပဲ” ဟု ကောလင်းခရိုင် ၊ တပ်ရင်း(၂) တာဝန်ရှိသူတဦးမှ မဇ္စျိမအားပြောသည်။

အဆိုပါတိုက်ခိုက်မှုတွင် ကောလင်းခရိုင် ၊ တပ်ရင်း(၂)ဘက် အထိအခိုက်မရှိ ခုခံကာကွယ်နိုင်ခဲ့ကြောင်း ၎င်းတာဝန်ရှိသူမှ ဆက်လက်ပြောသည်။

မေလ ၂၃ရက် နံနက် ၄နာရီမှစ၍ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့ကို တော်လှန်ရေးပူးပေါင်းတပ်များမှ စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက် သုံးဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းအချို့လည်းသိမ်းဆည်းရရှိထားကြောင်း မြေပြင်ရဲဘော်တဦးထံမှ သိရသည်။

ပင်လည်ဘူးမြို့ပေါ် တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှလည်း ရဲဘော်အချို့ မှာ ထိခိုက်ဒဏ်ရာများရှိကြောင်း၊ အသေးစိတ်အချက်အလက်များ သက်ဆိုင်ရာကာကွယ်ရေးတပ်ဖွဲ့များမှ ထုတ်ပြန်သွားမှာဖြစ်ကြောင်း မဇ္စျိမ၏ မြေပြင်သတင်းရင်းမြစ်က ပြောသည်။

ယမန်နေ့ မေလ ၂၄ရက်နေ့တွင်လည်း ပင်လည်ဘူးမြို့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်များမှ ဂျက်ဖိုက်တာဖြင့် လေးကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ယနေ့( မေလ ၂၅ရက်နေ့)အထိ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း ၎င်းသတင်းရင်းမြစ်ထံမှ သိရသည်။

ပင်လည်ဘူးမြို့နယ်တိုက်ပွဲနှင့် ပတ်သက်ပြီးမဇ္စျိမအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ကော်လင်းခရိုင်အတွင်းရှိ ကောလင်းမြို့နယ်၊ ပင်လယ်ဘူးမြို့နယ်မှ ဒေသခံများသည် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတိုက်ပွဲများကြောင့် ဘေးလွတ်ရာဒေသများတွင် စစ်ဘေးတိမ်းရှောင်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)