မြင်းခြံက တိုးချဲ့ရပ်ကွက် မီးလောင်မှုတွင် နေအိမ် ၅ လုံး ဆုံးရှုံး

ယနေ့မီးလောင်သွားသည့်မြင်ကွင်း (Photos- CJ)

လွှမ်းမိုး

(မဇ္စျိမ) ။ ။ မန္တလေးတိုင်း ၊ မြင်းခြံမြို့၊ အမှတ် (၁၈) တိုးချဲ့ရပ်ကွက်၌ ယနေ့ (ဧပြီလ ၂၉ ရက်) နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် မီးလောင်မှုတွင် နေအိမ်ငါးလုံး ဆုံးရှုံးသွားပြီး မီးဝင်ငြိမ်းသည့် အမျိုးသမီးတဦးလည်း ထိခိုက်ဒဏ်ရာများ ရရှိသွားသည်။

“ကလေးငယ်တွေ ထင်းမီးနဲ့ ထမင်းချက်ရာက စတင်လောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။ ကပ်လျက်နေအိမ် ငါးလုံးကတော့ မီးလောင်ပြာကျသွားတယ်” ဟု မြင်းခြံမြို့ခံတဦးက ပြောသည်။

မီးလောင်မှုသည် ယနေ့ နံနက် ၈ နာရီ ၃၅ တွင် စတင်လောင်ကျွမ်းခဲ့ပြီး ၈ နာရီ ၅၅ မိနစ်တွင် မီးငြိမ်းသွားကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန် ထားသည်။

မြင်းခြံခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်သုံးစီး၊ ရေသယ်ယာဉ်သုံးစီး၊ မြင်းခြံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်နှစ်စီး၊ ရေသယ်ယာဉ်တစီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် မီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

စာတည်း။ ။ နောင်နောင်