တရုတ်က ထိုင်ဝမ်အနီး ဒုတိယမြောက်နေ့ စစ်ရေးလေ့ကျင့်

Devdiscourse

တရုတ်သည် “အာဏာသိမ်းပိုက်ခြင်း”နှင့် မဟာဗျူဟာဒေသကို ထိန်းချုပ်မှုနှင့် ပတ်သက်ပြီး ၎င်း၏ စွမ်းဆောင်ရည်အား စမ်းသပ်မှုအပေါ် ပစ်မှတ်ထားခြင်းနှင့် ထိုင်ဝမ်သမ္မတ လိုင်ချင်တယ်၏ မကြာသေးခင်က ကျမ်းသစ္စာဆိုပွဲအား တုံ့ပြန်ခြင်းအဖြစ် ထိုင်ဝမ်ပတ်လည်တွင် ဒုတိယမြောက်နေ့ စစ်ရေးလေ့ကျင့်မှုအား သောကြာနေ့တွင် ပြုလုပ်ကြောင်း CNA သတင်းက ဖော်ပြသည်။

ထိုင်ဝမ်ရေလက်ကြားနှင့် တရုတ်ကမ်းရိုးတန်းအနီးက ထိုင်ဝမ်ကျွန်းများအနီးနား ဧရိယာတွင် ပြုလုပ်သည့် ယခု စစ်ရေးလေ့ကျင့်မှုသည် လိုင်ချင်တယ် ရာထူးလက်ခံပြီး ရက်ပိုင်းမှာပင် စတင်ခြင်း ဖြစ်သည်။

တရုတ်သည် ထိုင်ဝမ်အား ၎င်း၏ ခွဲထုတ်မရသော ပိုင်နက်နယ်ဟု သတ်မှတ်ထားပြီး လိုင်ချင်တယ်ကိုလည်း “ခွဲထွက်ရေးသမား”အဖြစ် တံဆိပ်ကပ်ထားသည်။ တရုတ်အား ခြိမ်းခြောက်မှုများ ရပ်ဆိုင်းရန် တိုက်တွန်းပြီး ရေလက်ကြား၏ နှစ်ဖက်စလုံးသည် လွတ်လပ်သော အရာဌာနများဖြစ်သည်ဟု အသားပေးပြောဆိုသော လိုင်ချင်တယ်၏ ကျမ်းသစ္စာဆိုသည့် မိန့်ခွန်းကို တရုတ်က ဝေဖန်ထားသည်။

“ပူးတွဲ အာဏာသိမ်းရေး၊ ပူးတွဲတိုက်ခိုက်မှုများ ဆင်နွှဲရေးနှင့် အဓိက ဧရိယာများကို သိမ်းပိုက်ခြင်း” တို့အတွက် စွမ်းဆောင်ရည်ကို အကဲဖြတ်ရန် ရည်ရွယ်ပြီး “Joint Sword -2024A” အမည်ရ စစ်ရေးလေ့ကျင့်မှုကို သောကြာနေ့တွင် ဆက်လက်ဆောင်ရွက်ကြောင်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ အရှေ့တိုင်းစစ်ဒေသက ပြောကြောင်း CNA သတင်းက ဆိုသည်။

တရုတ်နှင့် စေ့စပ်ဆွေးနွေးရန် လိုင်ချင်တယ်က အကြိမ်ကြိမ် တောင်းဆိုလင့်ကစား ငြင်းဆန်မှုနှင့်သာ ရင်ဆိုင်ရသည်။ ထိုင်ဝမ်၏ အနာဂတ်ကို ယင်းပြည်သူများက အပြည့်အဝ ဆုံးဖြတ်သင့်ကြောင်း လိုင်ချင်တယ်က အခိုင်အမာ ပြောဆိုပြီး ကျွန်းအပေါ် ပိုင်နက်ပြုသည့် တရုတ်၏ အတည်ပြုချက်ကို ပယ်ချထားသည်။

လုပ်ဆောင်ဆဲ စစ်ရေးလေ့ကျင့်မှုကို တုံ့ပြန်ရာ၌ ကုလသမဂ္ဂက အားလုံးသော သက်ဆိုင်ရာ အဖွဲ့များအနေဖြင့် စိတ်ရှည်သည်းခံရန် တိုက်တွန်းထားပြီး ထိုင်ဝမ်၏ ယုံကြည်ရသော မဟာမိတ်နှင့် စစ်ရေးထောက်ပံ့သည့် အမေရိကန်က တရုတ်အား အလွန်အကျွံ မလုပ်ဆောင်ရန် တိုက်တွန်းထားသည်။

ထိုင်ဝမ်၏ အချုပ်အခြာအာဏာကို တရုတ်၏ ပိုင်ဆိုင်ကြောင်း အခိုင်အမာဆိုမှုနှင့် ဒီမိုကရက်ကျွန်း ထိုင်ဝမ်အား ပေါင်းစည်းရေးတွင် လိုအပ်ပါက အင်အားသုံးမည်ဟု ပြောဆိုထားခြင်းသည် မပြောင်းမလဲဘဲ ရှိနေသေးသည်။

ကြာသပတေးနေ့နှင့် သောကြာနေ့တို့တွင် ပြုလုပ်သော ယခု စစ်ရေးလေ့ကျင့်မှုသည် တိုက်ခိုက်ရေး အသင့်ရှိမှုကို တွက်ဆရန်အတွက် ထိုင်ဝမ်ပတ်လည်တွင် လေယာဉ်များ၊ သင်္ဘောများဖြင့် စစ်ရေးလေ့ကျင့်ခဲ့ခြင်းဖြစ်ကြောင်း တရုတ်စစ်တပ်က ပြောသည်။

ယင်းကို တုံ့ပြန်ရာတွင် ထိုင်ဝမ်က ဝေဟင်၊ ပင်လယ်ပြင်နှင့် မြေပြင်တို့၌ စစ်စည်းရုံးခဲ့ကာ ကာကွယ်ရေးဝန်ကြီးဌာနကလည်း “လွတ်လပ်ခွင့်ကို ကာကွယ်မည်”ဟု ကတိကဝတ်ပြုဆိုသည်။ သမ္မတ လိုင်ချင်တယ်က ပြင်ပစိန်ခေါ်မှုများနှင့် ခြိမ်းခြောက်မှုများမှ ထိုင်ဝမ်ကို ကာကွယ်မည့် ၎င်း၏ ကတိကဝတ်ကို မိန့်ခွန်းတရပ်၌ အတည်ပြုဆိုကာ လွတ်လပ်ခွင့်နှင့် ဒီမိုကရေစီ တန်ဖိုးကို အသားပေး ပြောဆိုခဲ့သည်။

“ပြင်ပစိန်ခေါ်မှုတွေနဲ့ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်ရာမှာ ကျွန်တော်တို့အနေနဲ့ လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီ တန်ဖိုးတွေကို ဆက်လက်ကာကွယ်သွားမှာ ဖြစ်တယ်၊ ဘေးအန္တရာယ်ကင်းတဲ့ ငြိမ်းချမ်းရေးနဲ့ ဒေသတည်ငြိမ်ရေးကို ကာကွယ်သွားမှာ ဖြစ်တယ်”ဟု ၎င်းက ပြောခဲ့သည်။