ဒူးပလာယာခရိုင် စစ်ကောင်စီ အုပ်ချုပ်ရေးဝန်ထမ်းများ နုတ်ထွက်ရန် KNU သတိပေး

ပုံအညွှန်း- KNLA ရဲဘော်တဦးကို တွေ့ရစဉ်

ပုံအညွှန်း- KNLA ရဲဘော်တဦးကို တွေ့ရစဉ်

YT

(မဇ္ဈိမ)။ ။ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ကရင်ပြည်နယ် ဒူးပလာယာခရိုင်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေး ဌာနဆိုင်ရာဝန်ထမ်းများ နုတ်ထွက်ရန် KNU တပ်မဟာ (၆) က ယနေ့ (ဇွန်လ ၂၈ ရက်)တွင် သတိပေးထုတ်ပြန်သည်။

KNU အနေဖြင့် ဒူးပလာယာခရိုင်အတွင်း အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ ရှုပ်ထွေးမှုများ ဖြစ်ပေါ်နေသဖြင့် ဆက်လက်၍ ရှုပ်ထွေးမှုများ မဖြစ်ပေါ်စေရန် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးဌာနဆိုင်ရာ ဝန်ထမ်းများ ခရိုင်အတွင်းမှ ပြောင်းရွှေ့ရန်၊ နုတ်ထွက်ပေးရန် သို့မဟုတ် KNU နှင့်အတူ ပူးပေါင်းရန် သတိပေးထုတ်ပြန်ထားသည်။

ထို့ပြင် စစ်ကောင်စီကို ထောက်ခံ၊ အားပေး၊ ကူညီသော လုပ်ရပ်များ မပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက KNU အနေဖြင့် အဆင့်ဆင့် အရေးယူသွားမည်ဟုလည်း ဆိုထားသည်။

KNU ထုတ်ပြန်ချက်ပါ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များထံ မဇ္ဈိမမှ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိသေးပါ။

KNU တပ်မဟာ (၆) နယ်မြေ၊ ဒူးပလာယာခရိုင်တွင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူ၊ ကျိုက်ဒုံ၊ ကျုံဒိုးနှင့် မွန်ပြည်နယ် ကျိုက်မရောမြို့နယ် စသည့် မြို့နယ်များ ပါဝင်သည်။

KNU တပ်မဟာ (၆) အနေဖြင့် ခရိုင်အတွင်းရှိ စစ်ကောင်စီဝန်ထမ်းများ ပြောင်းရွှေ့၊ နုတ်ထွက်၍ KNU နှင့်ပူးပေါင်းရန် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်တွင် တကြိမ် ထုတ်ပြန်ခဲ့ခြင်းရှိသည်။

စာတည်း – သန့်ဇော်(သန်လျင်)