နောင်ချိုတွင် စစ်ကောင်စီခမရ(၆၀၆)သာကျန်ပြီး ကျောက်မဲ၊သီပေါ၊ မိုးမိတ်၊ မိုးကုတ်တွင် တိုက်ပွဲဆက်ဖြစ်ဟု TNLA ထုတ်ပြန်

ဓါတ်ပုံ- TNLA

(မဇ္ဈိမ)။ ။နောင်ချိုမြို့တွင် စစ်ကောင်စီ၏ ခမရ(၆၀၆) တပ်စခန်းတခုသာကျန်ရှိပြီး အဆိုပါစခန်းနှင့် ကျောက်မဲမြို့ ရှိ စစ်ကောင်စီ၏ ခမရ (၅၀၁)၊ ခမရ(၅၀၂) တပ်ရင်းများကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) လေးရက်မြောက်တိုက်ပွဲသတင်းကို ယနေ့(ဇွန်လ ၂၈ရက်)ည ၇နာရီခန့်၌ ထုတ်ပြန်စဉ် ယင်းကဲ့သို့ အသိပေးသည်။

ခမရ(၆၀၆) တပ်စခန်းအား TNLA၊ MDY-PDF နှင့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် (DPLA) ပူးပေါင်းတပ်ဖွဲ့တို့ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီက ယနေ့ ဂျက်ဖိုက်တာဖြင့် လေးကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်အသိပေးသည်။

နောင်ချိုမြို့မှ စစ်ကောင်စီ၏ ခမရ (၁၁၅)ကို ဇွန်လ ၂၆ရက်၊ခမရ (၁၁၄)ကို ဇွန်လ ၂၇ရက်ညတွင် သိမ်းယူခဲ့သည်ဟု ဆိုသည်။

ကျောက်မဲမြို့ ခမရ (၅၀၁)၊ ခမရ(၅၀၂)ကိုလည်း TNLAနှင့် MDY-PDF ပူးပေါင်းတပ်ဖွဲ့မှ ထိုးစစ်ဆင်တိုက်ခိုက်နေကာ နောင်ပြစ်ရွာလမ်းခွဲရှိ စစ်ကောင်စီတပ်စခန်းကို ဇွန်လ ၂၇ရက်နေ့တွင်သိမ်းပိုက်နိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။ကျောက်မဲမြို့နယ် ဂုတ်တွင်း၌လည်း တိုက်ပွဲဖြစ်နေသည်ဟု အသိပေးထားသည်။

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)သည် ဇွန်လ ၂၅ရက်တွင် စတင်ခဲ့ခြင်းဖြစ်သည်။ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို၊ ကျောက်မဲနှင့် မန္တလေးတိုင်း၊ မိုးကုတ်မြို့တို့တွင် တိုက်ပွဲများ ပြင်းထန်နေသည်။ စစ်ကောင်စီသည် ယမန်နေ့(ဇွန်လ ၂၇ရက်)ကအထိ စခန်း ၂၄ခု ဆုံးရှုံးထားပြီး တိုက်ပွဲဆက်ပြင်းထန်နေသည်။ စစ်ကောင်စီ၏ လေကြောင်းနှင့်လက်နက်ကြီး တိုက်ခိုက်မှုများအတွင်း အရပ်သား သေဆုံးမှုများရှိနေသည်ဟု TNLA က သတင်းထုတ်ပြန်ထားသည်။

စာတည်း – အေးချမ်း